Friday, January 15, 2010

ဟံသာဝတီ ဦးဝင်းတင်

ကာတွန်းဦးဖေသိန်းသို့ နှုတ်ဆက်စကား

ဟံသာဝတီ ဦးဝင်းတင်

ဇွန် ၂၆၊ ၂၀၀၉

(ဆရာကြီး ကာတွန်းဦးဖေသိန်း ဈာပန ဧည့်မှတ်တမ်းက ကူးယူပါတယ်။ မည်သူကိုမျှ ခွင့်မတောင်းခဲ့ပါ)

ဒီနေ့မနက်စောစော သတင်းဆိုးကြီး ကြားရတယ်ဗျာ။ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ကာတွန်းဆရာကြီး ဦးဖေသိန်းတယောက် ကွယ်လွန်ရှာတယ်လေ။ သင်္ခါရတရားအတိုင်း ဖြစ်ရတဲ့ကိစ္စလို့ ဆိုရပေမယ့် ကျနော်တို့လို အလွန်ရင်းနှီးချစ်ခင် လက်တွဲလှုပ်ရှားခဲ့ကြသူတွေ အနေနဲ့ကတော့ ဖြေဆည်ဖို့ အတော်ခက်တဲ့ ခံစားမှုများ ဖြစ်ပေါ်ရတယ်ဗျာ။

ကိုဖေသိန်းနဲ့ ကျနော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်၊ ကျနော် တော်တော် ငယ်ငယ်ထဲက အင်းစိန်မှာ ဆုံခဲ့ကြတော့ သူ့ညီနဲ့ ကျနော်တို့က ရွယ်တူလေ။ ကြိးလာတော့ ကြေးမုံသတင်းစာမှာ ဆုံတယ်။ ၁၉၅၉ - ၆၀ မှာ ပြည်သူ့အိုးဝေ သတင်းစာမှာ ဆုံပြန်တယ်။ နောက်တော့ ဟံသာဝတီပေါ့လေ။

ဒီကာလတွေမှာ ကျနော်မမေ့နိုင်တာက ကိုဖေသိန်းရဲ့ ဟာသဓာတ်ခံ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှု၊ ရဲဘော် ရဲဘက်စိတ်ထားကြီးမားမှု၊ အပေါင်းအသင်းအပေါ် ချစ်ခင်မှု၊ တပည့်သားမြေးများအပေါ် စောင့်ရှောက်သွန်သင်မှု၊ မိသားစုပေါ် သံယောဇဉ်ကြီးမှု စတာတွေကို ကျနော် အမြဲသတိပြုမိရုံမက ရင်ထဲမှာ အမြဲတမ်း စွဲတယ်။ ခုတော့ ကိုဖေသိန်း မရှိတော့ဘူး။ ဒါပေမယ့် ဒါတွေ မပျောက်သွားဘူး။

ဒါတွေအပြင် ကိုဖေသိန်းရဲ့ အနုပညာတွေ၊ အတတ်ပညာတွေ၊ လေ့လာဆန်းသစ်မှုတွေ၊ စာပေစေတနာတွေ၊ စတာတွေကတော့ အထူး ပြောနေစရာ မလိုအောင် တပုံတပင် တလုံးတခဲကြီး ကျန်ခဲ့ပြီပေါ့လေ။
အမှန်ပြောရရင် ကိုဖေသိန်းဘ၀မှာ အများကြီးပြည့်စုံပါတယ်။ ထူးမြတ်ပါတယ်။ ဘ၀ကောင်းတခုကို ဖြတ်သန်းခဲ့တာပါပဲ။ ထူးပြီး ပြောစရာ မရှိတော့ပါဘူး။ ကျနော်တို့အားလုံး ကျေနပ်သလို၊ ကိုဖေသိန်းကိုယ်တိုင်လဲ အားရကျေနပ်သွားမှာပါ။ ဒါတွေကို အနုပညာသမိုင်းက သက်သေခံပါလိမ့်မယ်။

ကိုဖေသိန်းဘ၀မှာ ဒီ ၈၆ နှစ် ဆိုတဲ့ တိုတောင်းတဲ့ကာလမျှသာ မဟုတ်ပါဘူး၊ မြန်မာအနုပညာသမိုင်းမှာ အလွန်ရှည်လျားတဲ့ ထွန်းပြောင်တဲ့ အနေအထားနဲ့ တွင်ကျန်ရစ်မှာပါ။

ကျနော်တို့အားလုံး သူရဲ့ စိတ်ဓာတ်၊ အားမာန်၊ ဇွဲ၊ သတ္တိ၊ ဉာဏ်အမြင်၊ ရွှင်လန်းတဲ့ဟာသဉာဏ်၊ နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးအမြင်တွေကို ခြေရာနင်း လိုက်ကြပါစို့လို့ တိုက်တွန်းချင်တယ်။

သူ့တပည့်တွေကတော့ သူရဲ့ ကာတွန်းပညာတွေကိုပါ ခြေရာနင်းကြမှာပေါလေ။ ခြေရာနင်းနိုင်ကြပါစေလို့လည်း ကိုဖေသိန်းကွယ်လွန်တဲ့နေ့မှာ အမှတ်တရ တိုက်တွန်းလိုက်ချင်ပါတယ်။

ဝင်းတင်

၁၉၊ ဇွန်၊ ၂၀၀၉

(ပုံ - ကာတွန်း (ဦး) ရွှေမင်းသားရဲ့ ဂါရ၀နှုတ်ဆက်ကာတွန်းဖြစ်ပါတယ်။ ခွင့်ပြုချက်မတောင်းပဲ သုံးတာပါ)




ဦးဝင်းတင်ပြောတဲ့ ဒေါ်စုအတွက် ၆၄ မွေးနေ့စကား

ကိုဇော်မိုးအောင် (ကိုရီးယား)က ပို့ပေးပါတယ်

ဇွန် ၂၀၊ ၂၀၀၉
ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော်ပြောချင်ပါတယ်။ ဒ်ါစုရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ ဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့စိတ်ဓာတ်အရည်အချင်းလေး ပြောချင်တယ်။



အဲဒီဟာက ဘာလဲ ဆိုလို့ရှိရင် ဒေါ်စုရဲ့စိတ်ဓာတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲတရားပဲ။ ဒါအပြင်ကို သူ့မှာ ဇွဲသတ္တိတွေ ရှိတယ်၊ ဉာဏ်ပညာတွေ ကြီးတယ်၊ ရဲစွမ်းသတ္တိတွေ ရှိတယ်။ တာဝန်သိမှုတွေ ရှိတယ်။ စည်းကမ်းရှိမှုတွေရှိတယ် ဆိုတာဟာ ဒါ အလွန် အရေးကြီးတဲ့ သူရဲ့ စိတ်ဓာတ်သတ္တိတွေပဲလို့ ကျွန်တော် သတ်မှတ်ပါတယ်။

အဲဒီအတွက်လည်း ဒါကြောင့်လည်း ဒီလို သတ္တိတွေ၊ ဂုဏ်သတ္တိတွေကြီးမားခြင်းကြောင့်လည်း ကျွန်တော်တို့တွေဟာ နိုင်ငံရေးအရ သူ့ထက် ဝါရင့်တဲ့ ပုဂ္ဂိုလ်တွေရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်တွေရော၊ တိုင်းသူပြည်သားအားလုံးရောက၊ နောက်တခါ ဒါ့အပြင်ကို ကမ္ဘာကပါ သူ့ကို ထောက်ခံ နေကြတာ၊ ဝိုင်းဝန်းနေကြတာ၊ ဝန်းရံနေကြတာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဂျပန်ကဗျာနည်းပေါ့၊ ဟိုက္ကူကဗျာစပ်နည်းနဲ့ ဒေါ်စုရဲ့အရည်အချင်းတွေကို စပ်ထားတဲ့ ကဗျာလေးကို ကျွန်တော် ရွတ်ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင် …

‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’

မကြောက်တရား တေးကဗျာ

မီးပုံထဲက ကြာ

ဆြိုပီးတော့ ရေးထားပါတယ။် အဲဒီကဗျာလေးက ဂျပန်ဟိုက္ကူကဗျာပုံစံနည်းနဲ့ ရေးထားတဲကဗျာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရှေ့ဆုံးမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’ ဆိုတာက

‘ရဲ’ ရဲစွမ်းသတ္တိရှိခြင်း၊ အလွန်ရဲရင့်ခြင်း၊

နောက်ပြီးတော့ ‘ဇွဲ’ဆိုတာကတော့ ဇွဲသတ္တိကြီးမားခြင်း၊ ဒီနေ့အထိ မြန်မာပြည်အရေးကို နှစ်မြုပ်ပြီးတော့၊ ဘဝကို နှစ်မြုပ်ပြီးတော့၊ ဒီလောက် နှစ်ပေါင်း များစွာကြာအောင်၊ နှစ်ပေါင်း(၂ဝ)ကျော် ဟုတ်လား ကြာအောင် လုပ်နေတဲ့ ဇွဲ သတ္တိ၊

နောက်တခါ ‘ဉာဏ်’ ဆိုတာကလည်း အလွန်ကြီးမားတဲ့ ဉာဏ်ပညာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ အားလုံးက အသိအမှတ်ပြုပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေးဝါရင့်တဲ့ ပုဂ္ဂိုလ်ကရော၊ ဝါနုတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ြကီးတဲ့ ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကရော အားလုံးကနေပြီးတော့ ဒေါ်စုရဲ့ ဉာဏ်ပညာကြီးမားမှု၊ ဉာဏ်ပညာဆိုတဲ့နေရာမှာလည်း နိုင်ငံရေးဉာဏ်ပညာပေါ့ဗျာ၊ နိုင်ငံရေးဉာဏ်ပညာကြီးမားကြောင်းကို ပြောတာ ဖြစ်ပါတယ်။

‘စည်း’ ဆိုတာက ဒေါ်စုဟာ စည်းကမ်းရှိပါတယ်။ စည်းကမ်းရှိတယ်ဆိုတာ ခုစစ်အစိုးရကတော့ စည်းကမ်းရှိတယ်ဆိုတာကို ပြော ပြော နေတာပေါ့။ စည်းကမ်းပြည့်ဝသောတို့ ဘာတို့။ သူတို့ စည်းကမ်းပြည့်ဝတဲ့ဆိုတာက လူတွေကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ကန့်သတ်ဖို့အတွက် စည်းကမ်းကို သူတို့ ပြောနေတာ။ စည်းကမ်းဆိုတဲ့ စကားလုံးကို ယူပြီးတော့။ ဆိုလိုတာကတော့ သူတို့ရဲ့ သံဆူးကြိုး သို့မဟုတ်လည်း သူတို့ရဲ့လက်ထိပ်တွေကို သူတို့က စည်းကမ်းနဲ့ ထပ်တူပြောနေ တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ လက်ထိပ်လို့ မြင်တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ သံ ဆူးကြိုးလို့ မြင်တယ်။ အဲဒါ။

အဲဒီတော့ ဒေါ်စုက စည်းကမ်းဟာ၊ ကျွန်တော် နည်းနည်းလေး ဆက်ပြောလိုက်အုန်းမယ်။ ကျွန်တော်တို့ အရေးတော်ပုံကာလ ၁၉၈၈မှာ ဒေါ်စုကို စင်တင်ပြီးတော့၊ ပထမဦးဆုံး ပွဲဦးထွက်ပေါ့ဗျာ။ ဟို နောက်ထပ် နှစ်ရက်ကြာမှာ ကျင်းပမယ့်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ကျင်းပမယ့် ဟိုဒင်းကို ပြောတာ မဟုတ်ဘူး။ ရွှေဂုံတိုင်ပွဲ ၁ မဟုတ်သေးဘူး။ အဲဒီမတိုင်ခင်မှာ စာရေးဆရာ စာနယ်ဇင်းသမဂ္ဂရဲ့ စင်မြင့်ပေါ်မှာ ဒေါ်စု ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့၊ မြန်မာပြည်မှာ ပထမဦးဆုံးအကြိမ် လူထုနဲ့ထိတွေ့ပြီးတော့ စကားပြောတဲ့စကား။

အဲဒီစကားမှာ သူဘာပြောလဲ၊ တိုတိုလေးပဲ ပြောသွားတယ်။ “ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိကြပါ”ဆိုတဲ့ စကားကို ပြောသွားတယ်။ အဲဒါကို ကျွန်တော်က ဒီ ‘စည်း’ ဆိုတဲ့ဟာကိုလည်း ထည့်ထားပါတယ်။ ဒေါ်စုဟာ စည်းကမ်းပြည့်ဝဖို့ စည်းကမ်းကြီးဖို့ စည်းကမ်း လိုက်နာဖို့ စည်းကမ်းကို လေးစားဖို့ဆိုတာကို အလွန် တန်ဖိုးထားတယ်ဆိုတာ သူ့ရဲ့ ဂုဏ်အရည်အချင်းတခု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။

နောက်တခုကတော့ ‘တာ’ဆိုတာကတော့ တာဝန်သိဖို့။ တာဝန်သိဖို့ကို စည်းကမ်းရှိပြီးတော့၊ ခုဒီစစ်အစိုးရက အမြဲတမ်းပြောတယ်။ စည်းကမ်းရှိဖို့ကိုပဲ ပြောနေတယ်။ ခုနက ပြောသလို သူတို့က လက်ထိပ်ခတ်ချင်တယ်၊ သံဆူးကြိုးကာချင်တယ်၊ ဒါအတွက် သူတို့က စည်းကမ်းပဲ ပြောနေတယ်။ သူတို့ကြတော့ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတို့၊ တာဝန်သိမှုတို့ကြတော့ စစ်အစိုးရမှာ လုံးဝ မရှိဘူး။ ဒေါ်စုက အဲဒီလို မဟုတ်ဘူး။ ဒေါ်စုက စည်းကမ်းပြည့်ဝမှု၊ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းလေးစားမှု ဆို တာတွေကို တန်ဖိုးထားသလိုပဲ၊ တချိန်တည်းမှာပဲ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ဟာတွေကို အများကြီး အလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်က ‘တာ’ဆိုတဲ့ စကားလုံးကို သုံးတာပါ။ အဲဒါကြောင့် ကျွန်တော်ကဗျာရဲ့ အစမှာ ‘ရဲ’ ‘ဇဲ’ွ ‘ညဏ်’ ‘စည်း’ ‘တာ’ဆိုပြီးတော့ အဲဒီစကားလုံးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။

‘မကြောက်တရား တေးကဗျာ’ ဆိုတာကတော့ အားလုံးသိတယ့်အတိုင်းပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စြွဲပီးတော့ ဦးနှောက်ထဲမှာ စွဲသွားအောင် ရှိစေတဲ၊့ ရသ သဘောဆောင်တဲ့၊ အလင်္ကာသဘောဆောင်တဲ့  တေးကဗျာတပုဒ်ပဲ။

ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျွန်တော်တို့ လူတိုင်းရဲ့ ရင်ထဲအသဲထဲမှာ စွဲသွားစေတဲ့  တရားမျိုးကို သူက ပြောတာ။ နိုင်ငံရေး ဆောင်ပုဒ်ကို ပြောတာ မဟုတ်ဘူး၊ မကြောက်တရားဟာ။ ဒါကြောင့် ကျွန်တော် မကြောက်တရား တေးကဗျာလို့ ပြောပါတယ်။

နောက်တခု ‘မီးပုံထဲက ကြာ’ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ မြန်မာပြည်ဟာ မီးပုံကြီးလို ဖြစ်နေပါတယ်။ အဲဒီမီးပုံကြီးကြားထဲမှာ လူတိုင်းဟာ အကုန်လုံးဟာ ညိုးနွမ်းကြေမွပြီးတော့ ပြာပုံ, ပြာတွေ ဖြစ်လုမတတ် ဖြစ်နေ တဲအ့ ချိန်မှာ ဒေါ်စုဟာ အဲဒီပြာထဲကနေပြီးတော့ ဒီကြားထဲကနေ ရုန်းထွက်လာတ့၊ဲ မီးပုံထဲက ဖီးနစ်ငှက်လိုပေါ့ဗျာ့၊ မီးပုံထဲက ရုန်းထွက်လာတဲ့ ငှက်လိုပဲ၊ မီးပုံထဲကနေပြီးတော့ သူက ကြာပွင့်တပွင့်လို ပွင့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။

ဒါပါပဲ ခင်ဗျာ။

ကျွန်တော် ပြောချင်တာကတော့ ဒေါ်စုဟာ၊ ဒေါ်စု သူရဲ့ ဂုဏ်ရည်သတ္တိတွေဟာ စိတ်ဓာတ်တွေဟာ အလွန်ကိုကောင်းပါတယ်။ ကျွန်တော်တို့ကို လမ်းပြကြယ်ကြီးလိုကို ဖြစ်နေတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်စောစောက ကျွန်တော့်ကဗျာလေးထဲမှာ ပါတဲ့အတိုင်းပဲ။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကဲ့အရေးအကြီးဆုံး ဘဝ လောက အမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘဝဒဿနပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြည်ပမှာရောက်နေတဲ့  မြန်မာအမျိုးသားတွေ အမျိုးသမီးတွေ အားလုံးဟာလည်း မကြောက်တရားကိုတော့ ကိုင်စြွဲကပါ။ မကြောက်တရားကို ဖေါ်ထုတ်ကြပါ။ ကျွန်တော်တို့ ပြောနေတာ ကျွန်တော်တို့ နိုင်ငံရေးအတွက်တွင် ပြောတာမဟုတ်ပါဘူး။

လူ့ဘဝတခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျွန်တော်တို့တွေဟာ အားနာတယ်ဆိုတဲ့  စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့, ရွေ့ရွေ့ သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံးကို။

ကျွန်တော်တို့ ပြောပြောနေတဲ့  စကားရှိပါတယ်။ ဘာလဲဆိုတော့ သည်းခံကြပါ။ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ သည်းခံခြင်းတရားတွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။

သို့သော် ကျွန်တော်တို့ဟာ ခေါင်းငုံတော့ မခံဘူး။

အဲဒါက ဘာလည်းဆိုတော့ မကြောက်တရားပါပဲ။

ဒီမိုကရေစီ ကျင့်သုံးခြင်းဟာ ကျွန်တော်တို့က ဒီ သည်းခံလိုက်လျောခြင်းကို

လုပ်သော်ငြားလည်း၊ ကျွန်တော်တို့က ဒီမိုကရေစီ ကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည်တခု၊ လက်နက်တခုက ဘာလဲဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။

အဲဒါနှစ်ခုစလုံးကို ပေါင်းစည်းလိုက်လျှင် ခုနကလို ဒီမိုကရေစီခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တချက် ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုရဲ့မွေးနေ့မှာ ဒေါ်စုဟာ ဒုတိယအရေးအကြီးဆုံး၊ ဒုတိယအကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာသတ္တိက ဘာလဲဆိုရင် အနစ်နာခံခြင်းပါပဲ။ အနစ်နာခံခြင်းဆိုတာ အားလုံးသိကြ တဲ့အတိုင်းပါပဲ။ ဒေါ်စု ဘယ်လောက်အနစ်နာခံတယ်ဆိုတာ ကျွန်တော်တို့ အနီးကပ်တဲ့လူတွေက ပိုသိပါတယ်။

သူရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး စွန့်လွှတ်ထားတယ်၊ သူရဲ့ဘဝတခုလုံး ဒီမှာ မြုပ်နှံထားတယ်။ လူတိုင်းကထင်တာ ဒေါ်စုက မြန်မာပြည်လာပြီးတော့ နည်းနည်းပါးပါး တောပြောတောင်ပြော ပြောမယ်၊ နိုင်ငံရေးလေး ဘာလေး လုပ်လို့ရရင် လုပ်မယ်၊ လုပ်မရ ပြန်သွားမယ်ဆိုတဲ့ လူစားမျိုးလို့ သူတို့က ဘယ်လောက်ပဲ ပုံဖေါ်နေနေ၊ ဒေါ်စုက အဲဒီလို လူမျိုး မဟုတ်ဘူးဆိုတာကို ခု နှစ်ပေါင်း ၂၀ တိတိ သက်သေပြခဲ့ပြီ။

ဒေါ်စုရဲ့အရည်အချင်းတွေဟာ ပုလဲလုံးမှာ အဆီတက် သလို ဂုဏ်ရည်တွေ တနေ့တခြား တက်လာတယ်။ အဲဒီ ဂုဏ်ရည်တွေထဲမှာ အခိုင်မာဆုံး ဂုဏ်ရည်ကတော့ စွန့်လွှတ်ခြင်း ပေါ့။ ကိုယ်ရေးကိုယ်တာတွေကော အကုန်လုံးကို စွန့်လွှတ်ခြင်း၊ ဒါဟာလည်း အရေးကြီးပါတယ်။ အဲဒီတော့ ဒီစိတ်ဓာတ် မျိုးကိုလဲ ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုကို ပြောတဲ့နေရာမှာ ခုနက ပြောတဲ့  နိုင်ငံရေးစကားတွေ ပြောတာထက်၊ သို့မဟုတ် နိုင်ငံရေးလုပ်ရပ်တွေက ဒါတွေ တကမ္ဘာလုံး သိနေတဲ့ကိစ္စမို့လို့ ကျွန်တော် မပြောတော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ဟာကတော့ အဲဒီ နှစ်ခုပါပဲ။

ကျွန်တော်ကဗျာထဲမှာပါတဲ့ ‘ရဲ’ ‘ဇဲ’ွ ‘ဉာဏ်’ ‘စည်း’ ‘တာ’တွေ ဆိုတာတွေဟာလည်း ကိုယ့်က လိုက်နာ၊ ဒေါ်စုလိုပဲ နမူနာယူပြီး လုပ်ရင်လဲ အကောင်းဆုံးပေါ့ဗျာ။ လုပ်ကြဖို့ပေါ့။ အထူးသဖြင့် ကတော့ မကြောက်တရားဆိုတာကို ကိုင်စွဲကြပါ။

နောက်တခုကတော့ စွန့်လွှတ်မှုဆိုတာ - အများအတွက် စွန့်လွှတ်ရမယ်၊ တိုင်းပြည်အတွက် စွန့်လွှတ်ရမယ်၊ မိတ်ဆွေအပေါင်းအသင်းအတွက် စွန့်လွှတ်ရမယ်၊ မိသားစုအတွက် စွန့်လွှတ်ရမယ်ဆိုတာ၊ စွန့်လွှတ်တဲ့စိတ်ဓာတ်ကတော့ ကျွန်တော်တို့ ဘယ်အဆင့်မှဖြစ်ဖြစ် ကျင့်သုံးလို့ ရပါတယ်။ အနိမ့်ဆုံး ကိုယ်ရဲ့ ဒီဘဝ အတွက်တောင်မှ ကိုယ့်တဘဝ ကိုယ်တယောက်တည်းအတွက်တောင်မှ ဆိုလိုတာကတော့ နောင်သံသရာအတွက်ကို မျှော်ကိုးပြီးတော့ ကိုယ့်ရဲ့ လက်ရှိ ဘဝမှာ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ အနစ်နာခံမှုတွေ လုပ်ရပါတယ်။ ပါရမီဖြည့်ရပါတယ်ဆိုတဲ့ သဘောပဲဗျ။

ချုပ်လိုက်ရင်တော့ (ဒေါ်စုရဲ့) ကျွန်တော် ဒီနေ့ တိုက်တွန်းချင်တာကတော့ ဒေါ်စုမှာ အကောင်းဆုံးဖြစ်တဲ့  စိတ်ဓာတ် စိတ်ပိုင်းဆိုင်ရာ ဂုဏ်ရည်ဟာ ဒီ မကြောက်တရားနဲ့ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း တတ်နိုင်သမျှ ကျင့်သုံးကြပါ။ အဆင့်ဆင့် ကျင့်သုံးကြပါ။ ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးကြပါ။ နည်းမျိုးစုံနဲ့ ကျင့်သုံးပါ။ အခါခပ်သိမ်းလည်း ကျင့်သုံးကြပါ။ နေရာတိုင်းမှာလည်း ကျင့်သုံးကြပါ။ ခု ပြည်ပမှာတင် မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ကျင့်သုံးပါ။

ခုပြည်တွင်းမှ မဟုတ်ဘူး၊ ပြည်ပမှာလည်း ကျင့်သုံးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒီလောက်ပါပဲ ခင်ဗျ။



ဒေါ်စု ၆၄ နှစ်ပြည့် မွေးနေ့

စာလုံး ၆၄ လုံး သ၀ဏ်လွှာ

ဟံသာဝတီ ဦးဝင်းတင်

ဇွန် ၁၈၊ ၂၀၀၉

၁၉၈၉ အာဏာဖီဆန်ရေးမှာ

တာဝန်အရ လုပ်ဟန်

ဒေါ်စု ညွှန်းခဲ့တယ်။



ခုလည်း တာဝန်အရ စိတ်ဓာတ်နဲ့ လုပ်ကြ။

စံနှုန်းကောင်းနဲ့ စည်းကမ်း တာဝန် စိတ်ဓာတ်

ဒေါ်စု ကိုင်စွဲတယ်။



ရဲ ဇွဲ ဉာဏ် စည်း တာ

မကြောက်တရား ကဗျာ

မီးလျှံထဲက ကြာ။ ။





ပြည်သူတို့၏ စကားပြန်

ဟံသာဝတီ ဦးဝင်းတင်

မတ် ၁၂၊ ၂၀၀၉

ဆောင်းပါးကောက်နုတ်ချက်။ ဦးဝင်းတင် မွေးနေ့ အမှတ်တရ အဖြစ် ပြန်လည်ဖော်ပြသည်

(၁)

၁၈၇၂ ခုနှစ် သြဂုတ် ၃ဝ ရက်ထုတ် ‘မြန်မာသတင်း’သတင်းစာတွင် ‘တိုင်းသူပြည်သားများက အစိုးရမင်းများကို သတင်းစာထဲကနေ၍ စကားပြောစရာမရှိပြီဟု ပြောဆိုနေကြသည့်အတွင်း၊ ခင်ဗျားတို့ မြန်မာသတင်းစာပေါ်လာသည်ကို ဝမ်းမြောက်ကြပါသည်’ ဟူ၍ မန္တလေးမြို့မှ ရွှေဗဟိုဆိုသူက ရေးသားခဲ့သည်။

‘တိုင်းသူပြည်သားများက အစိုးရမင်းများကို စကားပြောစရာ …’ဟူသော အယူအဆကို ကျနော်တို့ အလွန်သဘောကျသည်။ သတင်းစာသည် ပြည်သူတို့၏ ထင်မြင်ယူဆချက်၊ ဆန္ဒသဘောထားများကို ထင်ဟပ် ဖော်ထုတ်သည့် နေရာဖြစ်သည်ဆိုသော ခေတ်သစ် အယူအဆနှင့်လည်း ဒက်ထိ၊ ကွက်တိ၊ ကိုက်ညီသည်ဟု ကျနော် တို့ ယူဆသည်။

ပဒေသရာဇ်ခေတ်က သတင်းစာသည် ရွှေဗဟိုပြောသည့်အတိုင်း ‘တိုင်းသူပြည်သားများက အစိုးရ မင်းများကို စကားပြောစရာ’ နေရာဌာနဖြစ်ခဲ့သည်။ ထိုခေတ်က သတင်းစာများတွင် သတင်းစာကို ‘မင်းကြားစည်ကြီး’၊ ‘ဟစ်တိုင်ကြီး’ပမာ တင်စားခဲ့ကြသည်။ ယနေ့မျက်မှောက်ခေတ်တွင်လည်း သတင်းစာသည် တိုင်းသူ ပြည်သားတို့က အစိုးရကို စကားပြောစရာ နေရာဋ္ဌာနအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မြဲ ထမ်းသော အစိုးရချင်းချင်း စကားပေါက်အောင် ဘာသာပြန်ပေးသည့် ပြည်သူတို့၏စကားပြန်လည်းဖြစ်သည်ဟူ၍ ကျနော်တို့ ယူဆ သတ်မှတ်ခြင်း ဖြစ်လေသည်။

(၂)

ပြည်သူတို့၏ စကားပြန် သတင်းစာသည် လူနှစ်ဦးအကြား၌ ဘာသာပြန်ပေးသည့် စကားပြန်ကဲ့သို့ စက်ရုပ်အလား လှုပ်ရှားသည့် အရာမဟုတ်။ ဝေဖန်ခြင်း၊ ဆန်းစစ်ခြင်း၊ သတ္တုချခြင်း၊ ကောက်ချက်ချခြင်း၊ မှတ်ချက်ပေးခြင်း စသော တည်းဖြတ်မှု ဖြင့် ဘာသာပြန်ပေးသည့် အသိဉာဏ် ယန္တရားဖြစ်သည်။ သို့ဖြစ်၍ နက်နဲရှုပ်ထွေးသော စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်ရသည်။ အကြမ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတရပ်၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတရပ် ရှိသည်ဟု ယူဆသည်။

စိတ်ပိုင်းဆိုင်ရာပြဿနာမှာ သတင်းစာဆိုတာ ဘာလဲဆိုသည်ကို သတင်းစာသမားဘက်က ခံယူယုံကြည်ရပ်တည်ချက်နှင့် သတင်းစာ ဆိုတာဘာလဲဆိုသည်ကို သတင်းစာသမားမဟုတ်သူတို့ဘက်က ထင်မြင်သတ်မှတ်ယူဆချက်တို့၏ ကွဲလွဲခြားနားမှုမှ ပေါက်ဖွားသောပြဿနာ ဖြစ်သည်။

သတင်းစာဆိုတာ ဘာလဲ

၁။ ဝါဒဖြန့်စာရွက်လား။ ‘မှန်ပါ့ဘုရား’ သံတော်ဦးတင်လွှာလား။’ဗောင်းတော်ညိတ်၊ စိတ်တော်သိ’ ဘုန်းတော်ဘွဲ့ စာတန်းလား။ ‘အားလုံးကောင်းပါသည်ခင်ဗျား’ အစီရင်ခံစာလား။ ခိုင်းရာရေး၊ ပေးရာထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား။ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။

၂။ အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။

၃။ အမှန်တရား၊ အရှိတရား၊ အဖြစ် တရားများကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊လျှို့ဟဲ့၊ ဝှက်ဟဲ့နှင့် သတင်းထောက်က တကောက်ကောက်လိုက်ခြင်း၊ သတင်းစာက တစာစာရေးခြင်းကို မခံမရပ်နိုင်ဖြစ်ကာ ပြည်သူတို့၏ နား မျက်စိပိတ်ခြင်း၊ အကြံဉာဏ်တုံး နလပိန်းတုံးများဖြစ်အောင်ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူ မျက်နှာဖုံးလား။

၎။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အဓိပ္ပာယ်ဖွင့်သည့်အတိုင်း အမဲကို အဖြူ မလုပ်၊ အမှန်တရားကို မဖုံးအုပ်၊ ပြည်သူ့ ထင်မြင်ယူဆချက်များကို မနှောင်ချုပ်ဘဲ ပြည်သူကို အသိ ပညာပေး၊ ပြည်သူကိုစည်းရုံး၊ ပြည်သူကို လှုံ့ဆော်၊ ပြည်သူနှင့် အစိုးရကြား ပေါင်းကူးပေးသည့် ပြည်သူ့ဆက်သွယ်ရေးယန္တရားကြီး၊ ပြည်သူ့မဏ္ဍိုင်ကြီး၊ ပြည်သူ့အာဘော်ကြီးလား။

သတင်းစာသမား မဟုတ်သူများအနက်မှ လက်တဆုပ် စာလူနည်းစုသည် ထိုမေးခွန်း၏ အမှတ်စဉ် ၁၊ ၂၊ ၃ တို့ကို ခေါင်းညိတ် သဘောတူသည်။ အမှတ်စဉ် ၄ ကို ခေါင်းခါငြင်းဆန်သည်။ သတင်းစာသမားကမူ ထိုလူနည်းစု၏သဘောထားနှင့်ပြောင်းပြန်ဖြစ်သောသဘောထားကို စွဲမြဲစွာ နှလုံးသွင်းသည်။

ပြည်သူကို နားမျက်စိပိတ်ခြင်း (ဝါ) သတင်းအမှောင်ကျခြင်းကို ထိုလူနည်းစုသည် ဘာကြောင့် လိုလားကြသနည်း။ ခိုးသား ဓားပြသည် မှောင်မိုက်တိတ်ဆိတ်သော အ ကာလ ညအခါကို ဘာကြောင့် နှစ်ခြိုက်သနည်းဟူသောမေးခွန်း၏ ဤအဖြေသည် အထက်ပါမေးခွန်း၏ အဖြေနှင့် ထပ်တူပင်ဖြစ်သည်။ ခိုးသားဓားပြသည် အကာလ ဉာဥ့်အမိုက်ကို အကာအကွယ်ယူကာ ခိုးဆိုးလုယက်သကဲ့သို့ ဖောက်ပြန်သူ၊ အကျင့်ပျက်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတာဝန် စည်းကမ်းပျက်သူတို့သည် ပြည်သူပိုင်ဆိုင်သော အာဏာ၊ အခွင့်အရေးနှင့် ဓနပစ္စည်းတို့ကို ကိုယ်ကျိုးစီးပွားအတွက် မတရားသောနည်းဖြင့် ထင်သလို ကြိုးကိုင်ချယ်လှယ်သုံးစွဲနိုင်ရန် ပြည်သူကို နားမျက်စိ ကန်းနေစေလိုသည်။ တနည်းဆိုလျှင် သတင်းအမှောင်ကျနေစေလိုသည်။ ပါးစပ်ပိတ်နေစေလိုသည်။ တနည်းဆိုလျှင် ဆန္ဒသဘောထား ထင်မြင်ယူဆချက်အသံ တိတ်နေစေလိုသည်။

သတင်းစာသမားသည် ယင်းသို့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားလွန် တရားမဲ့ ဖောက်ပြန် လွန်ကျုးပျက်ကွက်မှုများကင်းဆိတ်စေလိုသည်။ သတင်းနှင့် ပြည်သူတို့၏ ထင်မြင်ယူဆချက်များတည်းဟူသော အလင်းရောင်ကို အစဉ်သဖြင့်ပွင့်လင်း ဝင်းထိန်စေလိုသည်။

သတင်းအမှောင်ကို ကြိုက်သောထိုလူနည်းစုသည် စစ်မှန်သောသတင်းနှင့် ထင်မြင်ယူဆချက်များကို ဟန့်တားပိတ်ဆို့ရန် အခါအခွင့်မသင့်သည့်အခါ မှားယွင်းတိမ်းယိမ်းသော သတင်းနှင့် ထင်မြင်ယူဆချက်များကို အစားထိုးသွပ်သွင်းရန် ကြိုးစားတတ်သည်။ အမဲကိုအမဲဟု မပြောအောင် ပိတ်ပင်ဖုံးဖိ၍ မရသောအခါ အမဲကို အဖြူဟု ထင်ယောင်မြင်မှားအောင် သတင်းလိမ်၊ သတင်းညာ၊ ထင်မြင်ချက်မှား၊ ထင်မြင်ချက်ယွင်းများကိုအမိန့် အာဏာသုံး၍ လည်းကောင်း၊ အကြမ်းဖက် အကျပ်ကိုင်၍လည်းကောင်း၊ အခွင့်အရေး လာဘ်ပသကာဖြင့် သွေးဆောင်မြူဆွယ်၍လည်းကောင်း ဖော်ပြခိုင်းတတ်သည်။

သတင်းစာသမားနှင့် ပြည်သူအများသည် ထို အလေ့အထ၊ ထိုအပြုအမူများကို လက်မခံ။ ပစ်ပယ်သည်။ ငြင်းဆန်သည်။ တွန်းလှန်သည်။ ထိုကွဲပြားခြားနားမှု၊ ထိုဝိရောဓိ၊ ထိုပဋိပက္ခသည် သတင်းစာလွတ်လပ်ခွင့်ဆိုသော ပြဿနာပွားတခုကို ပေါ်စေသည်။

သတင်းစာလွတ်လပ်ခွင့်ဟူသည် ထိုလွတ်လပ်ခွင့်ကို မည်သူတို့၏အကျိုးအတွက်၊ မည်သည့်နည်းဖြင့်၊ မည်သို့သော အတိုင်းအတာအထိ ကျင့်သုံးသနည်းဟူသော ဦးတည်ချက်၊ စည်းကမ်းနှင့် တာဝန် ‘ဘောင်’ ရှိသည်။

သို့ဖြင့် သတင်းစာသမိုင်းတလျှောက်လုံးတွင် သတင်းစာသမားများစွာ၊ ထင်မြင်ယူဆချက် ဖော်ထုတ်သူများစွာ အပြစ်ရှာခံရ၊ တရားစွဲခံရ၊ အဖမ်းအဆီး အညှဉ်းအပန်း အရိုက်အနှက်ခံရသည်မှာ ကြိမ်ဖန်များစွာ ဖြစ်သည်။

(၃)

မြန်မာသတင်းစာများသည် ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်တို့ကို ဖြတ်သန်း ကျော်လွှားခဲ့ရသည်။ ‘ဘုန်းတော်ကြီးဘုရားနှင့် ပခန်းမင်းကြီးထုတ်လိုက်တိုင်း ကြည့်ရှုပါစေဟု ဘုရားသခင်မှာ ဆုတောင်းပါသည်’ ဆိုသော ရွှေနားတော်သွင်းစကားမျိုး (မြန်မာသတင်းစာ ၁၈၇၂ သြ ဂုတ်လ ၃ဝ)။ ‘သတင်းစာဆိုသည်ကား ရောင်းစားသောအရာဖြစ်သည်’ဆိုသော အရင်းရှင်လက်သုံး စကားမျိုး (မြန်မာသတင်းစာ ၁၈၇၂ စက်တင်ဘာ ၂ဝ) ကို ထပ်မနားပြောခဲ့ကြသည်။

ပဒေသရာဇ်သတင်းစာများပီပီ မင်းလိုလိုက် မင်းကြိုက်ရေးခဲ့ကြသည်လည်း ရှိသည်။ အရင်းရှင် သတင်းစာများပီပီ သတင်းစာရောင်းပန်းလှအောင် ညှီစော်နံသောသတင်းများ၊ ယမ်းစော်နံသောသတင်းများ၊ ရှောမွေးဗာရာဏသီချဲ့သောသတင်းများ၊ ပြည်သူကို မှိုင်းတိုက်သောသတင်းများ၊ လူပြိန်းကြိုက်သတင်းများကို ရေးခဲ့သည်လည်းရှိသည်။

ထိုခေတ်သတင်းစာများသည် ခေတ်အလျောက် သတင်းနှင့် ထင်မြင်ချက်များကို ရွေးချယ်ရာ၌ သူ့ခေတ်သူ့အခါ၏ လူတန်းစားဘက်က ရပ်တည်ရေးခဲ့သည်။ ထိုလူတန်းစားတို့သည် ဖောက်ပြန်သော လူတန်းစားများဖြစ်၍ ထိုသတင်းစာတို့သည်လည်း ဖောက်ပြန်သော အသွင်ကို ဆောင်ခဲ့ကြသည်။

သို့သော် အမှန်တရားကို တရားကိုပြောမည်ဟူသော မူလ ဘူတသစ္စာဓမ္မကိုမူ ဖောက်ဖျက်ခြင်းမပြုခဲ့ချေ။

‘ပြုကျင့်မိသောသူနှင့် မကွာခြား၊ သိသသမျှလူအများတို့ ရွံရှာ၍ နောင်အခါ မကျင့်ကြံဘဲ ပယ်ရှားကြအောင် မကောင်းသောသတင်းကို မခြွင်းမချန် အမှန်သတင်းစာရိုက်လွှင့်ပါမည်။ ပြုကျင့်ရင်းသူနှင့်တကွ လူအများတို့ နှစ်လိုဝမ်းသာ မြဲမြံစွာ ကျင့်ဆောင်ကြရအောင် ကောင်းမွန်သော သတင်းကိုလည်း မခြွင်းမချန် အမှန်ရိုက်လွှင့်ပါမည်။ မကောင်းသောအမှုကို ဖုံးကွယ်၍ ပြုကျင့်သော်လည်း သူတပါးမသိဟု မအောက်မေ့သာ။ အကယ်၍ သိလျှင်လည်း သတင်းစာမထည့်ဟုမအောက်မေ့သာ။ ဧကန်သတင်းစာထည့် ရိုက်ပါလိမ့်မည်။ ထို့ကြောင့် ကောင်းမွန်သောသတင်းကိုသာ ကြားလို၍မျှော်လင့်ပါသည်’ (မြန်မာဂေဇက် ၁၈၇၁ စက်တင်ဘာ ၂၂) စသဖြင့် အမှန်တရား၊ အရှိတရား၊ အဖြစ်တရားတို့ကို မဖုံးမဖိ မကွယ်မထောက် ရေးမည်ဟူသော သံန္နိဋ္ဌာန်ကို ရင်ဝယ်ပိုက်ခဲ့ကြသည်ချည်း ဖြစ်သည်။

မကောင်းဆိုးဝါး အင်အားစုများရှိနေသ၍သတင်းစာ၏ စာမျက်နှာများပေါ် ၌ မကောင်းဆိုးဝါး လုပ်ရပ်၊ ဖြစ်ရပ်သတင်းများ၊ မကောင်းဆိုးဝါးလုပ်ရပ် ဖြစ်ရပ်သတင်းများကို ထိုးနှက်တိုက်ခိုက်သော ထင်မြင်ယူဆချက်များ ကြီးစိုးနေဦးမည်သာ ဖြစ်သည်။ ကောင်းသောအတွေး၊ ကောင်းသောအပြော၊ ကောင်းသောအလုပ်များ ထုနှင့်ထယ်နှင့် ပေါ်ထွက်လာချိန်တွင် ကောင်းသောသတင်းများ၊ ကောင်းသောသတင်းများ၊ ကောင်းသောသတင်းကို ထောက်ခံစံတင်သည့် ထင်မြင်ယူဆချက်များသည် သတင်းစာစာမျက်နှာများပေါ် ၌ လွှမ်းမိုးလာမည်သာဖြစ်သည်။

သတင်းစာသည် ခေတ်၏ ကြေးမုံပြင်ပမာဖြစ်၍ ခေတ်၏အရှိ၊ အဖြစ်၊ အမှန်များကို ရင်းစွဲအတိုင်း ထင်ဟပ်ပြမည်သာဖြစ်သည်။ သို့ရာတွင် သတင်းစာသည် ခေတ်၏ ကြေးမုံပြင်မျှသာ မဟုတ်၍ မကောင်းဆိုးဝါးသတင်းများကို ထိုးနှက်တိုက်ခိုက်သော ထင်မြင်ချက်များကိုတင်ပြရင်း မကောင်းဆိုးဝါး ရေစီးကြောင်းတွင် ရေစုံမျှောလိုက်နေမည် မဟုတ်ချေ။

သတင်းစာသည် ပြည်သူတို့၏တော်လှန်ရေးလက်နက်ဖြစ်သည်နှင့်အညီ ခေတ်ကြီးကို အတင်းပြောင်းမည်ဟူသော ကြွေးကြော်သံအတိုင်း မကောင်းဆိုးဝါးခေတ်၏ အကြွင်းအကျန်များကို ကလောင်လက်နက်ဖြင့် ထိုးနှက်ချေမှုန်းရင်း ခေတ်ပြောင်းတော်လှန်ရေးကြီးကို တွန်းတင် သယ်ဆောင်သွားမည်သာဖြစ်သည်။

တော်လှန်ရေးအောင်မြင်ချိန်၊ မကောင်းဆိုးဝါး အင်အားစုများ ပြိုကွဲဆိတ်သုဉ်းချိန်၊ ကောင်းသော လုပ်ရပ်ဖြစ်ရပ် အင်အားများသာ တည်ထွန်းဖြစ်ပေါ်ချိန်၌ သတင်းစာများသည် ကောင်းသောသတင်းများ၊ ကောင်းသောထင်မြင်ချက်များဖြင့်သာ ပြည့်လျှမ်းလာပေလိမ့်မည်။ သတင်းစာသည် ခေတ်၏ ကြေးမုံပြင်ပမာဖြစ် ခေတ်၏အရှိ။ အဖြစ်။ အမှန်များကို ရင်းစွဲအတိုင်း ထင်ဟပ်ပြမည်သာဖြစ်သည်၊ လက်ရှိအချိန်ကား သတင်းစာများအဖို့ ထိုခလုတ်ကန်သင်းတို့ကို ဖယ်ရှားနေရသည့် ကာလပင်ဖြစ်ချေသည်ဟု ကျနော်တို့ယုံမှတ်သည်။

(၄)

အထက်တွင် တင်ပြခဲ့သည့် ပြဿနာများသည် သတင်းစာဆိုတာဘာလဲ ဆိုသည့်အချက်ကို လုပ်သား ပြည်သူတို့ အသိအကြားနည်းပါးမှုကို အကြောင်းပြု၍ ပေါ်ပေါက်နေရခြင်းဖြစ်သည်။ ဤသည်လည်းတကြောင်း။ သတင်းစာသမားများကိုယ်တိုင်က ‘သတင်းစာသမားသည် သတင်းမဟုတ်’ ဆိုသော အဆိုအမိန့်အတိုင်း ကိုယ့်ကို ကိုယ်ဖော် မသူတော်လုပ်လိုသော ဆန္ဒခေါင်းပါးမှုကို အကြောင်းပြု၍လည်း ပေါ်ပေါက်နေရခြင်းဖြစ်သည်။ ဤသည်လည်းတကြောင်း။

‘သတင်းစာသမားသည် သတင်းမဟုတ်’ ဆိုသည့် ခံယူချက်နှင့်အညီ သတင်းစာသမားသည်အများပြည်သူပိုင်ဆိုင်သောသတင်းစာ၌ သတင်းစာမဟုတ်ဘဲ ကိုယ့်အကြောင်းကို ကိုယ်ရေးခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဓာတ်ပုံကို ကိုယ်ဖော်ပြခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ် ဆွေးနွေးခဲသည်။ ဤသည်ပင်စည်းကမ်း၊ ဤသည်ပင် ကိုယ်ကျင့်သိက္ခာ၊ ဤသည်ပင် ခြိုးခြံမှုဟု သတင်းစာသမားတို့  ယူဆကြသည်။

ထို့ကြောင့်လည်း သတင်းစာသမားတို့၏ဘဝ၊ သတင်းစာသမားတို့၏ လုပ်ငန်းအမြင်၊ သတင်းစာသမားတို့၏ တာဝန်အယူအဆကို ပြည်သူတို့ကြားရနည်း သိရနည်းသည်။ ထို့ကြောင့် လုပ်သားပြည်သူတို့သည် သတင်းစာကို မိတ်ဆွေရင်းချာပမာ နံနက်တိုင်း တွေ့ဆုံနေရသော်လည်း၊ သတင်းစာကို ပြုစုထုတ်လုပ်ကြသည့် သတင်းစာသမားတို့၏ လက်တွေ့ဘဝ အခက်အခဲ၊ လုပ်ငန်းနှင့်တာဝန် ပြဿနာများကို မသိကျိုးကျွံဖြစ်နေကြခြင်း ဖြစ်သည်။

(စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ငယ်၊ အခြေခံ ပြည်သူ့အလုပ်သမားကောင်စီ၊ ဟံသာဝတီသတင်းစာတိုက်၊ ၁၉၇၄ ဒီဇင်ဘာ ၁ မန္တလေးမြို့။ ဦးဝင်းတင် အမည်မခံဘဲ ရေးသည့် အမှာစာ)
ဆောင်းပါးအပြည့်အစုံ မဟုတ်ပါ။ ကောက်နုတ်ဖော်ပြခြင်းသာ





ကျားရဲ

ဦးဝင်းတင်

နိုဝင်ဘာ ၅၊ ၂၀၀၈

(အကျဉ်းထောင်တွင်း ရေးသားခဲ့သော ကဗျာ)

နေပြင်းလျှင် နှင်းမှုန်လျှင်

ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း။



အခန်းကျဉ်းကျဉ်း

အလင်းမဝင် လေမဝင်

နေမမြင် လမမြင်

လူမမြင် သူမမြင်မှာ

ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။

အိပ်လျှင်အိပ် မအိပ်လျှင်တွေး။

သတင်းမေးဖို့ ဝေးရော

သီချင်းကလေးမှ မဆိုရ။



စာဖတ်ဖို့ ဝေးရော

ကဗျာလေးမှ မစပ်ရ။



တရားဟောဖို့ ဝေးရော

စကားလေးမှ မပြောရ။



အဟောသိကံ သံသရာ

ငါ့ကမ္ဘာ့ ပိစိကွေး

အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်

သံတံခါးဝ ရပ်လိုက်

တမတ်တပ်တပ် တနေကုန်။



မနေ့ကလည်း တနေကုန်

ဒီနေ့လည်း တနေကုန်ပြန်

နက်ဖြန်လည်း ကုန်အုန်းမယ်။



ကုန် ကုန် ကုန်

ကုန်ချင်သလောက် ကုန်စမ်း။



တရက် ကုန်မလား၊ တသက် ကုန်မလား။

တလ ကုန်မလား၊ တဘဝ ကုန်မလား။

တနှစ် ကုန်မလား၊

တခေတ် ကုန်မလား။



အားမလျှော့ဘူး၊ မပျော့ဘူး။

ပေဖြစ်တော့ခံမယ်၊ တူဖြစ်တော့ နှံမယ်။



အမှန်တရား တို့ဘက်မှာရှိတယ်။

ပြည်သူအများ တို့ဘက်မှာရှိတယ်။

ကာလယန္တရား တို့ဘက်မှာရှိတယ်။

ရှင်တော်ဘုရား တို့ဘက်မှာရှိတယ်။



သိကြရဲ့လား … ဟား ဟား ဟား ဟား။



တိရိစ္ဆာန်ရုံက ကျားလို

လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့

ကျားညွန့်တုံးတွေ ထင်နေသလား။



မှားလိုက်တဲ့အမြင်

ဟားတိုက်လို့ ရယ်ချင်စရာ။



မှတ်ထားဟေ့။



အဝါပေါ်မှာ အနက်စင်း

မပျက်မယွင်း ကွက်ကွက်ကွင်း။



အရှင်းသား မလွဲသရွေ့

အထင်းသား စွဲသရွေ့

ကျားရဲဟာ ကျားရဲ။



ငါလဲ အဲဒီလိုပဲကွ ဟေ့။ ။





အနောက်တိုင်း ပန်းချီပန်းပု

ဦးဝင်းတင်

နိုဝင်ဘာ ၄၊ ၂၀၀၈

(ပြန်လည်ဆန်းသစ် ဆောင်းပါး)

အနောက်တိုင်း ပန်းချီပန်းပုတို့၏ မြစ်ဖျားခံရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝဝဝ ကျော်က အီဂျစ်(ယခု အာရပ်သမတနိုင်ငံ)တွင် ထွန်းကားခဲ့သော ပန်းချီပန်းပုတို့ဖြစ်သည်။
ရှေးအီဂျစ် လူမျိုးတို့သည် နောင်တမလွန်ဘဝ ကို ယုံကြည်ကြ၏။ ဂူသင်ချိုင်းများ၌ မြှပ်နှံ သင်္ဂြိုဟ် ရာတွင်သေသူ၏ပစ္စည်းများကိုထည့်သွင်းမြုပ်နှံသည်။ သေသူ၏ သက်ရှိဘဝက လှုပ်ရှားမှုများ၊ ပိုင်ဆိုင်မှုများ၊ ရုပ်သွင်သဏ္ဍာန်များကို ပန်းချီ ပန်းပုများဖြင့်ပြုစု၍ ထည့်သွင့်း မြှပ်နှံသည်။ ထိုခေတ်က ထွန်းကားခဲ့သော သင်းချိုင်း နံရံပန်းချီရေးနည်း၊ ပန်ုးပုရုပ်ထုနည်း တို့သည် မြေထဲပင်လယ်ဒေသ နှောင်းယဉ်ကျေးမှုများဖြစ်သော ကရိ၊ ဂရိ၊ ရောမ နိုင်ငံများသို့ ပျံ့နှံ့သွားသည်။

ဂရိပန်းချီပန်းပုတို့သည်ခရစ်မတိုင်မီ နှစ်ပေါင်း ၂၅ဝဝမှ ၁ဝဝဝခန့်အတွင်း ထွန်းကား ခဲ့သည်။ ကရိ ပန်းချီပန်းပုတို့သည် အီဂျစ် ပန်းချီပန်းပု ကဲ့သို့ ပုံစံအားဖြင့် မင်းစိုးရာဇာနှင့် အာရုံခံစားမှုများကို ရေးခြယ်ထုလုပ် သည်။ အကြောင်းအရာအားဖြင့်လည်းတမလွန်ဘဝကို မြော်မှန်းစိုးရွံ့ခြင်းထက် ပစ္စုန်ပ္ပန်ဘဝ၌ ခံစားစံစားမှု စိတ်ဓာတ်ကို ဖော်ကျူးသည်။

ဂရိပန်းချီပန်းပုသည် ခရစ်မတိုင်မီနှစ်ပေါင်း ၁ဝဝဝ မှ နှစ်ပေါင်း ၂ဝဝ ကျော်အထိ ပေါ်ထွန်းခဲ့သည်။ ပန်းချီများကို များများ စားစား မတွေ့ရသော်လည်း ပန်းပုလက်ရာများကား အနောက်တိုင်းပန်းပုပညာတွင် သင်ရိုးအဖြစ် စံသတ်မှတ် ထားရသည့် ပြောင်မြောက်သော လက်ရာများဖြစ်သည်။

ရောမခေတ် ပန်းချီပန်းပုများကား ဂရိခေတ်ကို ပြန်လည် ဆန်းသစ်ခြင်း သဘော မျှသာ ဖြစ်လေသည်။ယင်းသို့ ခရစ်မတိုင်မီ နှစ်ပေါင်း၆ဝဝဝကျော်မှ စ၍ ရောမနိုင်ငံကြီး ပျက်သုဉ်းချိန် အထိထွန်းကားခဲ့သော ပန်းချီပန်းပုတို့သည် အနောက်တိုင်း ပန်းချီ ပန်းပုတို့၏ပန္နက် အုတ်မြစ် များ ပင်ဖြစ်ပေတော့သည်။



၁ - အီဂျစ်ပန်းချီပန်းပု

အီဂျစ်ယဉ်ကျေးမှုသည် တရုတ်ယဉ်ကျေးမှုကဲ့သို့ပင် ကမ္ဘာပေါ်၌ ရှေးအကျဆုံး ယဉ်ကျေးမှုဖြစ်သည်။ ခရစ်မတိုင်မီ နှစ်ပေါင်း ထောင်ပေါင်းများစွာကပင် ထွန်းကားခဲ့သည်။

အီဂျစ်ယဉ်ကျေးမှုခေတ်တွင် ကမ္ဘာဦးကပင် လူသားတို့ဦးနှောက်၌ စွဲဝင်ခဲ့သော ဘာသာရေးအစွဲအလန်း များသည် အခိုင်အမာ အမြစ်တွယ်လျက်ရှိလေပြီ။ အီဂျစ်ခေတ်က လူတို့သည် သေသည်၏ အခြားမဲ့၌ ဘဝတဖန် ရှင်သန်ထမြောက်ခြင်းသည်ရှိ၏ဟူ၍ ယုံကြည်စွဲမှတ်ကြသည်။

သို့ယုံကြည်ရင်းစွဲရှိသည့်အတိုင်း၊ သေသူအသက် ထင်ရှားရှိစဉ်က ရုပ်ဝတ္ထုတို့သည် သေသည်၏ အခြားမဲ့၌ ရှင်သန်ခမြောက်မှုအတွက် အထောက်အကူ ဖြစ်စေသည်။ သေသူ၏ ရုပ်လက္ခဏာသည်လည်းကောင်း၊ သူပိုင်ဆိုင်ခဲ့ဘူးသော စပါးဆန်ရေ လယ်မြေအိုးအိမ် လူ့စည်းစိမ်တို့၏ အသွင်သည်လည်းကောင်း နောင်ဘဝ ကူးဆက် သွားသောအခါ အကျိုးသက် ရောက်စေသည်ဟူ၍ ယုံကြည်သက်ဝင်ကြသည်။ ထို့ကြောင့် ထိုခေတ်မင်းနှင့်တကွသော နယ်စား၊ ပယ်စား၊ မြို့စား၊ ရွာစားမှအစ၊ မြေပိုင်လယ်ပိုင် ဓန ကြေးရည်တတ်နိုင်သူတို့သည် သေလွန်သောအခါ၊ သူ့သင်းချိုင်းတွင် သူ့ရုပ်သွင်၏ ရုပ်တု၊ သူ့ပစ္စည်း ဥစ္စာ၏ရုပ်ပုံတို့ကို ပန်းချီပန်းပုတို့ဖြင့် ပြုစုထည့်သွင်းစေသည်။

သို့ဖြင့်ထိုခေတ် ထိုကာလ၏ အဘိုးမဖြတ်နိုင်သော ပန်းချီပန်းပုအနုပညာလက်ရာတို့သည် ယနေ့ခေတ်အခါ ထိ သမိုင်းအမွေအနှစ် ကျစ်ရစ်ခဲ့ခြင်းဖြစ်တော့သည်။

အီဂျစ်ခေတ်ပန်းချီလက်ရာများတွင် ထိုခေတ်က လူတို့နေထို လှုပ်ရှားပုံ၊ လယ်ယာ ကိုင်းကျွန်း စိုက်ပျိုးပုံ၊ ဘုရင်စိုးမင်းတို့ခံစားစံစားပုံများတွေ့နိုင်သည်။

အီဂျစ်ပန်းချီလက်ရာတို့သည် ဆေးရောင်များ ချယ်လျက် စွဲမက်ဖွယ် ဖြစ်သည်။ ကျေးကျွန် စံနစ်ထွန်းကားသော ခေတ်ဖြစ်၍ လူ့အသွင်သဏ္ဍာန်ကို ရေးဆွဲရာ၌ စည်းစိမ် ဂုဏ်သိန် လျော့နိမ့်သူကို တစ်နေရာတည်း ယှဉ်တွဲရပ် လျက်ရှိစေကာမူ အရွယ်သေးသေး ရေးဆွဲသည်။လူပုံသဏ္ဍာန်ကို ဘေးတိုက်ရေးဆွဲသော်လည်း မျက်လုံးတို့ကို ရှေ့တည့်တည့်မှ မြင်တွေ့ရဟန်ရေးဆွဲသည်။

အီဂျစ်ပန်းပုလက်ရာတို့အနက်၊ ခရစ်မတိုင်မီ ၁၃၅၈မှ ၁၃၇၅ ခုနှစ် အတွင်းက မြှပ်နှံခဲ့သော ဂူသင်းချိုင်း တစ်ခုအတွင်းမှ ရခဲ့သည့် နဖာတီတီမိဖုရား၏ ရုပ်တုသည် ကမ္ဘာကျော်လက်ရာ ဖြစ်သည်။ထုံးကျောက်ဖြင့် ထုလုပ်ပြီး ဆေးရောင်ချယ်လှယ်ထားသော လက်ရာဖြစ်သည်။

ခရစ်မတိုင်မီနှစ်ပေါင်း ၄ဝဝဝခန့်ကပင် အီဂျစ်ပြည်နှင့် ပင်လယ်နီ ခြားလျက်ရှိသော ယခု အာရေဗျသဲကန္တာရ နေရာတွင် ဆူမာရီယန်းယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ဆူမာရီယန်းတို့၏ ပန်းချီလက်ရာများကို မတွေ့ရသော် လည်း ပန်းပုရုပ်ထုများကား ကျန်ခဲ့သည်။

ပန်းပုလက်ရာများအနက် ခရစ်မတိုင်မီ နှစ်ပေါင်း၂၆ဝဝကျော်ခန့်က ထုလုပ် ခဲ့သည့် အဘိုးအိုတစ်ဦး မတ်တတ်ရပ်နေပုံကျောက်ရုပ်ထုသည် အနုပညာမြောက်သော လက်ရာဖြစ်သည်။



၂ - အမေရိကန် ရှေးပန်းချီပန်းပု

ကမ္ဘာ့ ပန်းချီပန်းပုသမိုင်းတွင် လူဖြူတို့မတိုင်မီ အမေရိကန်ပန်းချီပန်းပုသည် အဆန်းကြယ်ဆုံး လူသိအနည်းဆုံး အနုပညာများဖြစ်သည်။ရှေးအမေရိကန် ပန်းချီပန်းပု တို့သည် ယခုမက်ဆီကိုနိုင်ငံတဝိုက်ဒေသ (နီကရာဂွ၊ ကော့စကာ၊ ရိကာပနားမား)နှင့် တောင်အမေရိက(ယခု ကိုလမ်ဘီယာ နှင့် ပီရူး) တွင် ထွန်းကားခဲ့သည်။

ထိုပန်းချီပန်းပုတို့၏ အလွန်လျို့ဝှက်ဆန်းကြယ်သည့် သဘော၊ လူသိနည်းသည့် သဘောသာမက မက်ဆီကိုအိုးခွက်ပန်းပုလက်ရာတို့သည် တရုတ်(ချောင်မင်းဆက်) ပန်းပုများ နှင့် ထူးထူးခြားခြား တူနေခြင်းသည် ထူးခြားမှုဖြစ်သည်။

ရှေးခေတ် အမေရိကန်ယဉ်ကျေးမှု သည် လူဖြူတို့မရောက်မီ နှစ်ပေါင်းပဝေသဏီမှစ၍ ၁၆ ရာစု အင်ကာခေတ် အထိ ထွန်းကားခဲ့သည်မှန်သော်လည်း၊ ရှေးခေတ်ယဉ်ကျေးမှုများဖြစ်သော အီဂျစ်၊ ဂရိ၊ တရုတ် စသည်တို့ကဲ့သို့ ကမ္ဘာကမသိခဲ့ချေ။ ဤအချက်သည် စာပေဟူ၍ တိတိပပ မရှိခြင်း ကြောင့်လည်း ဖြစ်တန်ရာသည်။

ထိုအမေရိကန် ပန်းချီပန်းပု တို့တွင် လွှမ်းမိုးသော လက္ခဏာသည် အခြား ရှေးကမ္ဘာပန်းချီပန်းပုများ ကဲ့သို့ ဘဝတဏှာမဟုတ်၊ ဗျာပါသောကသာဖြစ်သည်။ ထိုပန်းချီ ပန်းပုတို့၌ အီဂျစ်လက်ရာတို့၏ ဘဝတဖန် ရှင်သန်ထမြောက်ခြင်းသဘောကို မတွေ့ရ။ သေခြင်းနိမိတ်သာ လွှမ်းမိုးလျက်ရှိသည်။



၃ - ဂရိပန်းချီပန်းပု

ဂရိစာဟောင်းပေဟောင်းများအရ ဂရိယဉ်ကျေးမှု ထွန်းကားစဉ်က အများပြည်သူနှင့် ဆိုင်သော ဘုရားရှိခိုး ကျောင်းများ ရုံးကန္နားများ စသည်တို့တွင် နံရံပန်းချီများဖြင့် တခမ်းတနားမွမ်းမံချယ်သထားခဲ့သည်။ သို့ရာတွင် ဂရိပန်းချီတို့သည် ပျောက်ပျက်ခဲ့ရသည်။ ဂရိပန်းချီဟူ၍ ကမ္ဘာ့အနုပညာလောက၌ ထင်ရှားသော ဂရိအိုးခွက်များပေါ် ၌ ရေးချယ်ခဲ့သည့် ပန်းချီရုပ်များသာ ကျန်တော့သည်။

ဂရိအိုးများကို ခရစ်မတိုင်မီ နှစ်ပေါင်း ၈ဝဝကျော်မှစ၍ တွေ့ခဲ့ရသည်။ ထိုခေတ်ကလက်ရာများသည် ကြမ်းလှသေးသည်။ ပန်းချီလက်ရာများမှ မျဉ်းကြောင်း မျဉ်းကွက်မျှသာဖြစ်သည်။ ခရစ်မတိုင်မီနှစ်ပေါင်း ၆၅ဝ ကျော် မှစ၍ တွေ့ခဲ့ရသည်။

ထိုခေတ်က လက်ရာများသည် ကြမ်းလှသေးသည်။ ပန်းချီလက်ရာများမှာ မျဉ်းကြောင်း မျဉ်းကွက်မျှသာဖြစ်သည်။ ခရစ်မတိုင်မီနှစ်ပေါင်း ၆၅ဝ ကျော်ကာလတွင် ဂရိယဉ်ကျေးမှု လက္ခဏာများ ပေါ်လွင်လာသည်။ ခရစ်မတိုင်မီ ၅ဝဝ ကျော် ၆ဝဝ ကျော်ကာလသည် ဂရိပန်းချီ၏ ရွှေခေတ်ပင်ဖြစ်သည်။

အိုးရေးပန်းချီလက်ရာများသည် အပြောင်မြောက်ဆုံး အဆင့်သို့ရောက်လာသည်။ ထိုခေတ်အိုးများသည် ယနေ့တိုင်ကမ္ဘာပေါ်၌ အလုံးပေါင်း ငါးသောင်းခန့် မကွဲမရှကျန်ရစ်နေသေးသည်။

ဂရိပန်းချီ လက်ရာများ ထူးထူးခြားခြား မကျန်ခဲ့သော်လည်း ပန်းပုဘက်တွင်ကား ရှေ့ကမ္ဘာ့ယဉ်ကျေးမှု အပြောင်မြောက်ဆုံး လက်ရာများကျန်ခဲ့သည်။ ယနေ့ခေတ်အခါ တိုင်အောင် အံ့သြရှုမောရသော ပန်းပုလက်ရာ များဖြစ်သည်။

ဂရိပန်းပုတွင် ခေတ် ၄ ခေတ် ရှိသည်။ ခရစ်မတိုင်မီနှစ်ပေါင်း ၆ဝဝ မှ ၄၈ဝအထိ ခေတ်၊ ဂရိလက်ရာတို့ သည် အီဂျစ်လက်ရာ၊ ဆူမာရီယန် လက်ရာဆန်ဆန်များဖြစ်သည်။

ခရစ်မတိုင်မီနှစ်ပေါင်း ၄၅ဝအထိ နှစ်ပေါင်း ၃ဝ ကာလအတွင်းတွင် ဂရိပန်းပု လက်ရာများသည် သွက်လက်လှုပ်ရှားလာသည်။ ကိုယ်နေဟန်ထား အချိုးအစား ပြောင်းလဲ လာသည်။

ခရစ်မတိုင်မီ နှစ်ပေါင်း ၄၅ဝ မှစ၍ နှစ်ပေါင်း ၅ဝ ခန့်အပြောင်မြောက်ဆုံး ပန်းပုလက်ရာများ ပေါ်ထွက်လာ ခဲ့သည်။ ဂရိပန်းပု၏ ရွှေခေတ်ပင်ဖြစ်သည်။ အနောက်တိုင်း ပန်းပုပညာ၏ သင်ရိုးခေတ်ဟုဆိုနိုင်သည်။

ခရစ်မတိုင်မီ နှစ်ပေါင်း ၁၂ဝ မှ ဂရိကို ရောမတို့ သိမ်းပိုက်ခဲ့သော ခရစ်မတိုင်မီ ၁၄၆ နှစ်အထိ ဟယ်လင်နစ် ခေတ် ဂရိပန်းပုလက်ရာများတွင် အရှေ့တိုင်းသြဇာ အငွေ့အသက်များ ပိုမိုရောဝင်လာသည်။

ဘဝသရုပ်မှန်လက်ရာများ ပေါ်ထွက်လာသည်။ ပန်းပုဆရာတို့သည် နတ်ဘုရားများ၊ မင်းမျိုးမင်းနွယ်များ၊ ကညာမယ်လျများ၏ ရုပ်တုကိုသာ မထုလုပ်တော့ချေ။ ကလေးများ ကစားနေဟန်၊ အရက်သမားများ မူးယစ်နေ ဟန်၊ သူတောင်းစားများ တောင်းရမ်းနေဟန် ရုပ်တုများ ထုလုပ်လာသည်။

ထိုခေတ် ထိုကာလ၏ အပြောင်မြောက်ဆုံးလက်ရာသည် ယနေ့ကမ္ဘာ၌ အကျော်ကြားဆုံး ပန်းပုလက်ရာ ဖြစ်သည့် မီလိုအရပ်မှ ဗီးနတ်စ် နတ်သမီးရုပ်တုဖြစ်သည်။



(ပေါ်သစ် ၏ အလှရှာတော်ပုံ စာအုပ်မှ ကူးယူဖေါ်ပြသည်)



ပဝေဏီ ပန်းချီ ပန်းပု

ပေါ်သစ် (ဦးဝင်းတင်)

(အလှရှာတော်ပုံ စာအုပ်မှ ကောက်နှုတ်သည်)

အောက်တိုဘာ ၁၀၊ ၂၀၀၈
ကမ္ဘာပေါ်တွင် လူသားဟု၍ အဆင့်ဆင့် ဆင်းသက်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတစ်သန်း ကျော် ခန့်ရှိပြီဟု မနုဿဗေဒပညာရှင်တို့ ယူဆကြသည်။ ပန်းချီပန်းပု အနုပညာရှင်တို့သည် လူ့ယဉ်ကျေးမှုဟု ဆို အပ်သော လူ့ဘောင်လူ့အဖွဲ့အစည်းပေါ်ဦးစကာလကပင် ရှိနေခဲ့သည်။ ကမ္ဘာဦး လူသားတို့သည် ကျောက်လိုဏ်ဂူ များအတွင်း၌ အသင်းစုကလေးများ စတင်ဖွဲ့စည်းနေထိုင်ကာ တိရစ္ဆာန်ဘာသာဘာဝ ဓလေ့စရိုက်တို့ကို စွန့်လွှတ်စ ဦးကပင် ကျောက်နံရံများပေါ်၌ ပန်းချီရုပ်များရေးဆွဲခဲ့ကြသည်။ကျောက်သားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ရိုးဖြင့် လည်းကောင်း ပန်းပုရုပ်ထုလုပ်ခဲ့ကြသည်။



ကြမ်းတမ်းသော ကမ္ဘာဦးလူသားတို့၏ သမိုင်းခရီးလမ်းတွင် မြောက်မြားစွာသော ကမ္ဘာဦးပန်းချီပန်းပု အနုပညာတို့သည် ပျောက်ပျက်ကွယ်ပခဲ့သည်။ ယနေ့အထိ အကြောင်းအားလျော်စွာ တူးဖော်ရှာဖွေတွေ့ရှိထား သော ကမ္ဘာဦးအနုပညာလက်ရာတို့၏ သက်တမ်းသည်ပင် နှစ်ပရိစ္ဆေရ မတိုတောင်းတော့ချေ။

၁။ ဥရောပကျောက်ဂူပန်းချီ

ယခုချိန်အထိ အစောဆုံးတွေ့ရသော ကမ္ဘာဦးပန်းပုလက်ရာကို ဥရောပတိုက် ယနေ့ပြင်သစ်ပြည်နေရာ တွင် တွေ့ခဲ့သည်။ စပိန်ပြည်နှင့် ပြင်သစ်ပြည်နေရာများတွင် တွေ့ခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ငါးသောင်းနှင့် နှစ်သောင်းအကြား ခေတ်ကာလက ထုလုပ်ခဲ့သော ရုပ်ထုဖြစ်သည်။ ရေခဲသမင်ဦးချိုဖြင့် ပြောင် သတ္တဝါပုံ ထုလုပ်ထားသည်။

အစောဆုံးတွေ့ရသော ကမ္ဘာဦးပန်းချီလက်ရာကိုလည်း စပိန်ပြည်နှင့် ပြင်သစ်ပြည် နေရာများတွင် တွေ့ခဲ့သည်။ စပိန်ပြည် အာလ်တာမီရာအရပ် ကျောက်ဂူကြီးတစ်ခုအတွင်း၌ တွေ့ရှိခဲ့သည်။ ၁၈၇၉ခုနှစ်က ထိုကျောက်ဂူကြီးအတွင်း ရှေးဟောင်းပစ္စည်း စူးစမ်းရှာဖွေသော ပညာရှင်တစ်ဦး၏ သမီးငယ်ကလေးက အမှတ်မထင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီလက်ရာများ၏ သက်တမ်းသည် နှစ်ပေါင်း တစ်သောင်းလေးထောင်ကျော်မှ နှစ်သောင်းနှစ်ထောင်ကျော်အတွင်း ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အာလ်တာမီရာကျောက်ဂူပန်းချီလက်ရာများတွင် ဦးချိုလိမ် ပြောင်ရုပ်များ၊ မြင်းရုပ်များစသည့် အမဲသတ္တဝါ ရုပ်ပုံများပါဝင်သည်။ ကျောက်သားပေါ်တွင် ဦးစွာအရုပ်ကောက်ကြောင်းရာပေးပြီးမှ ဆေးသွင်းချယ်သောပုံများဖြစ် သည်။ သံရိုင်းမြေများမှရသော အနီရောင်နှင့်အဝါရောင်များဖြစ်သည်။

ကမ္ဘာဦး ပန်းချီဆရာတို့သည် မိမိဖန်တီးရေးခြယ်သောတိရစ္ဆာန်တို့၏ ဗီဇစရိုက်ကို ကောင်းစွာထိုးထွင်း သိမြင်သည်။တိရစ္ဆာန်၏လှုပ်ရှားဟန်ကို စိတ်အာရုံ၌ စွဲမြဲမှတ်သားလျက် ပန်းချီရေးခြယ်ကြခြင်းဖြစ်၍ ထိုတိရစ္ဆာန် ၏ လှုပ်ရှားမှုသည်ပန်းချီလက်ရာတို့တွင် ထင်လင်းစွာပေါ်လျက်ရှိသည်။

သို့သော် တိရစ္ဆာန်ကို ပုံတူကူး၍ရေးဆွဲခြင်းမဟုတ်။ အသေးစိတ်များမပါဝင်။ပုံသွင်ကိုသာဖော်ထုတ် ရေးခြယ်သည်။ ပုံတူထက် လှုပ်ရှားရှင်သန်မှုကို အဓိကထားလျက် ဖော်ဟန်ရှိသည်။ အရောင်ရေးခြယ်ရာ တွင်ပင် အလုံးအဝန်းကိုဖေါ်ရန်မဟုတ် လှုပ်ရှား ဥိးတည်မှု့ကိုထင်မြင်စေရန်သာဖြစ်သည်။တိရစ္ဆာန်သဏ္ဍန်ကိုရေးခြယ်ရာတွင်လည်း ခါးကိုရှည်လျက်လည်းကောင်း၊ ခြေကိုကွေးလျက်လည်းကောင်း လှုပ်ရှားမှုကို ထင်မြင်စေမည့် တင်စားချက်ကို ဖော်သည်။

ကမ္ဘာဦးပန်းချီတို့၏ ရည်ရွယ်ရင်းသဘောသည် ရန်သူ(သားကောင်)ကိုသေစေခြင်း၊ မိမိအဖို့ရာ သေပြီး သည်၏ အခြားမဲ့၌ ထ မြောက်တဖန်ရှင်သန်ခြင်း သေခြင်းနှင့် ထ မြောက်ရှင်သန်ဲခြင်း တို့၏အကြား၌ ကျက်စားသည်ဟု ယူဆသော မကောင်းဆိုး ဝါးတို့ကို ပယ်လှန့်ခြင်းတည်းဟူသော တင်စားချက်ဖြစ်သည်။ အမဲလိုက်ရာ၌ အောင်မြင်ခြင်းကိုဖြစ်စေလိုသော ဆန္ဒတောင့်တမှု၏ သဘောလည်းဖြစ်သည်။

၂။ အာဖရိက ကျောက်ဂူပန်းချီ

အလားတူ ကမ္ဘာဦးပန်းချီလက်ရာ ပန်းချီသဘောတရာများကို အာဖရိကတိုက် ဘွတ်ရှမင်းလူမျိုးစု ကျောက်ဂူပန်းချီများတွင် တွေ့ရသေးသည်။ ဘွတ်ရှမင်း ကျောက်နံရံပန်းချီများသည် စပိန်ကျောက်နံရံပန်းချီများ ကဲ့သို့ နှစ်ပရိစ္ဆေရ မကြာညောင်းသေးသော်လည်း ရှေးပဝေဏီမှ ယနေ့တိုင် ခေတ်သစ်ယဉ်ကျေးမှု၏ ထိုးဖောက်ရောယှက်မှု မခံရသေးသော လူမျိုးစုတို့၏ လက်ရာများဖြစ်၍ အချိန်ကာလသည် အရေးမကြီး။ ကမ္ဘာဦး သဘောသဏ္ဌာန် တို့ဖြင့် ပြည့်လျှမ်းလျက်ရှိသည်ပင်။



သရုပ်ဖော်ပုံ - သူတောင်းစားအိုမကြီး(အာဖရိက သစ်သားပန်းပု)။ အာဖရိကတိုက် ကွန်ဂိုပြည်မှ တွေ့ရသည်။ အာဖရိက'လူရိုင်း' ကမ္ဘာဦးသဘော သက်ဝင်သော လက်ရာ ဖြစ်သည်။ ရှည်မျောသော မျက်နှာ၊ သွယ်လျသော ကိုယ်ခန္ဓာနှင့် ကြီးမားသောမျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လက်တို့ သည် လူ့ဘဝ၏ ဆင်းရဲ သောက ဗျာပါဒကို အရိုးခံအတိုင်း ဖွင့်ပြသည်။ကရုဏာ ရသမြောက်သည်။ ၂ဝ ရာစု အိတ်ပရက်ရှင်နစ်ဇင်နည်း ဥရောပ ပန်းချီပန်းပုတို့ကို သြဇာလွှမ်းသော လက်ရာမျိုးဖြစ်သည်။





မိုးမခ မီဒီယာက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဂုဏ်ပြု စာအုပ်ထုတ်မည်

မိုးမခ

စက်တင်ဘာ ၃၀၊ ၂၀၀၈

မိုးမခက အကြောင်းကံသင့်လို့ ဦးဝင်းတင်ရဲ့ စာနယ်ဇင်းဆောင်းပါးများ စုစည်းထားတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖြစ်ပါတော့မယ်။ ဒီစာအုပ်ကို ဆရာမောင်စွမ်းရည်က ၂၀၀၅ ခုနှစ်မှာ အမှာစာရေးသားခဲ့ပြီး စီစဉ်ပေးခဲ့ရာမှာ မိုးမခ လက်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ရပါတယ်။ ယခု ပူပူနွေးနွေး လွတ်မြောက်လာသူ ဆရာဦးဝင်းတင် ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ လာမည့် ၂၀၀၈ အောက်တိုဘာလထဲမှာ ထုတ်ဝေဖြစ်ပါပြီ။

ဆရာကြီးရဲ့ မိတ်ဆွေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကွယ်လွန်သူ ကဗျာဆရာ တင်မိုးအပါအ၀င် မောင်စွမ်းရည်၊ ၀င်းဖေ၊ လူထုစိန်ဝင်း၊ ဇင်လင်းနဲ့ အခြားစာရေးဆရာတို့ရဲ့ “သူ ဘယ်လိုလူ” ဆိုတဲ့အကြောင်း ဆောင်းပါးများအပါအ၀င် ဆရာရဲ့ ယခင်ကရေးသားခဲ့တဲ့ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးတွေကို “သူဘယ်လို မြင်” ဆိုတဲ့ကဏ္ဍအဖြစ် ကောက်နုတ်စုစည်းပြီး ထုတ်ဝေတင်ဆက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ဘာလဲ၊ ပြည်သူတို့ရဲ့ စကားပြန်၊ သတင်းစာသမားမှ စာဖတ်သူတို့ စတဲ့ မှတ်သားဖွယ် ဆောင်းပါးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

စာအုပ်ဖြစ်မြောက်ရေးအတွက် ၂၀၀၅ ကနေ ၂၀၀၈ တိုင်အောင်အထိ ၀ိုင်းကြတဲ့ ပညာရှင်အားလုံးကို မိုးမခက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ စာအုပ်ကို ထုတ်ဝေရာမှာ ရည်ညွှန်းထားတာကတော့ - “၈၈ အရေးတော်ပုံသက်တမ်းနှင့်အမျှ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူ ဟံသာဝတီ ဦးဝင်းတင်နဲ့တကွသော စစ်အာဏာရှင်များကို သပိတ်မှောက် အာဏာဖီဆန်သူ မြန်မာစာနယ်ဇင်းသမားများ အားလုံးသို့ အလေးပြုထုတ်ဝေတယ်” လို့ ဖော်ပြထားပါတယ်။
၂၀၀၈ ဧပြီက ကွယ်လွန်ခဲ့တဲ့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)ကို အလေးပြု အမှတ်တရထုတ်ဝေခဲ့တဲ့ “မိုးမခရဲ့ အမှတ်တရ စာစုများ” ဆိုတဲ့ စာအုပ်ကော၊ ယခုဒီစာအုပ်ကိုပါ မိုးမခက အမြတ်အစွန်းအတွက် ထုတ်ဝေတာ မဟုတ်ဘဲ မြန်မာအမျိုးသားရေးဂုဏ်ဆောင် စာနယ်ဇင်းသမားများရဲ့ စာကောင်းပေမွန်တို့ စာဖတ်သူတို့လက်ထဲ ရောက်ရှိအောင်၊ မြန်မာစာပေနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် အရေးကို တိုးတက်ကူညီ ထောက်ခံဆောင်ရွက် နိုင်အောင်၊ မြန်မာစာနယ်ဇင်းသမားများ ပြည်တွင်း ပြည်ပ ချစ်ခင်ညီညွတ်မှု ပြယုဒ်များ တိုးပွားလာစေအောင် စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်။ စာအုပ် တန်ဖိုးကို သတ်မှတ်ထားခြင်း မရှိဘဲ မိုးမခချစ်သူ စာပေမိတ်ဆွေများထံ ပေးပို့မှာ ဖြစ်ပါတယ်။ အလှူငွေ အနေနဲ့ကတော့ အမေရိကန် ၁၀ ဒေါ်လာ အဖြစ် သတ်မှတ်ထားပါတယ်။ မျက်နှာဖုံး ပန်းချီကတော့ ဦးဝင်းဖေက သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။




ဦးဝင်းတင်လွတ်မြောက်လာသည့်အတွက် ပြည်သူလူထုကပါ ၀မ်းသာအားတက်ကြ

ညွန့်ထွေး

စက်တင်ဘာ ၂၉၊ ၂၀၀၈

သာမန်ပြည်သူလူထုကြားထဲတွင် သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်လာသည့်အတွက် စိတ်အားတက်ကြွနေကြပုံရသည်ကို တွေ့မြင်ရသည်။ နေ့စဉ် အထွေအထွေ စားဝတ်နေရေး အကြပ်အတည်းများတွင် ရုန်းကန်နေရသူ သာမန်ပြည်သူ အများစုမှာ နိုင်ငံရေးသတင်းများကို စိတ်ဝင်စားခြင်း မရှိကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခု ဦးဝင်းတင်ပြန်လည် လွတ်မြောက်လာသည်ကို ကြားရသည်နှင့် ၀မ်းသာအားရ ဖြစ်ကြရသည်ဟု ဆိုပါသည်။
“ကျနော်တို့ ပျော်တယ်။ ဘာကြောင့်မှန်းမသိဘူး။ ဆရာကြီးကိုလည်း မတွေ့ဖူးပါဘူး။ ဒါပေမယ့် ကိုယ့်အဖေ ထောင်ကလွတ်လာသလိုမျိုး ခံစားရတယ်။ တိုင်းပြည်အတွက်လည်း အားတက်မိတယ် …” ဟု ၁၀ တန်း ကျောင်းသားတဦးက ပြောပြသည်။



အင်းစိန်လမ်းဆုံတွင် ကုန်စိမ်းဈေးရောင်းသူ အမျိုးသမီးတဦးကမူ အခြားဈေးသည်များနှင့်အတူ စုဝေးပြီး ဆရာကြီးလွတ်သည့်နေ့က ရောက်ရှိနေသည့် နေအိမ်ရှေ့သို့ သွားမျှော်ကြည့်ခဲ့ကြသည်ဟု ပြောပြခဲ့သည်။

“ကျမတို့ အဲဒီနေ့က သွားကြည့်ကြတယ်။ နှုတ်ဆက်ခွင့်တော့ မရခဲ့ဘူးပေါ့. ပြန်လွှတ်လိုက်ပြီ ကြားတော့ ပျော်တာပဲ။ တခြားနိုင်ငံရေးလုပ်တဲ့သူတွေကို သိပ်လည်း မသိပါဘူး။ စားဝတ်နေရေးအတွက် တနေ့လုပ်မှ တနေ့စားရတာကိုး ကျမတို့မှာက။ ဒါပေမယ့် ဆရာကြီးလွတ်တယ်ဆိုတော့ ကျန်တဲ့ ကျမရဲ့ ဈေးအတူရောင်းသူတွေကတော့ ပြောနေကြတယ်။ ဆရာကြီးလွတ်လာရင် တို့တွေ အဆင်ပြေလာမှာ … တဲ့။ အဲသလိုမျိုး ကျမတို့က ပျော်တယ်။ တကယ်ပါရှင် …” ဟု သူမက ပြောသည်။

ဆရာကြီးကို ပြည်သူလူထုကြီး တရပ်လုံးက စိတ်ဝင်စားကြကြောင်း၊ ဆရာကြီးအိမ်ကို နေ့စဉ်လာပြီး နှုတ်ဆက်နေကြသူတွေထဲတွင် နိုင်ငံရေးလောကမှ လူတွေတင်သာမက အရပ်သူ အရပ်သားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ ရဟန်းတွေ၊ အဖိုးကြီးတွေ အဖွားကြီးတွေတောင် လာရောက်ကြသည်ကို တွေ့နေရကြောင်း ဦးဝင်းတင်ဆီသို့ သွားခဲ့သူတိုင်းက တညီတညွတ်တည်း ဆိုကြသည်။

“ ဒါဟာ ဆရာကြီးကိုချစ်ခင်တယ်၊ အားကိုးတယ်။ ပြီးတော့ သူတို့တတွေ အင်မတန်ကို ယုံကြည်တယ်ဆိုတာ ပြတာပါပဲ …” ဟု ပြည်တွင်းစာရေးဆရာတဦးကပြောပါတယ်။

စာနယ်ဇင်းသမား အများစုက ဆရာကြီး ပြည်တွင်းစာနယ်ဇင်းများတွင် စာရေးသားခွင့်ရှိ မရှိကို သိချင်နေကြသည်။

ဆရာကြီးသာ စာရေးခွင့်ရမည်ဆိုလျင် ပြည်သူတွေအတွက် တကယ် အကျိုးရှိမည်၊ မြန်မာပြည်တ၀ှမ်းလုံးက ဆရာကြီး၏ အာဘော်များကို ဖတ်ရှုနာယူခွင့်ရကြမည်။ လက်ဆင့်ကမ်း ဖြန့်ဝေခွင့်ရကြမည် ဖြစ်သည်ဟု လူငယ် သတင်းထောက်တဦးက ထုတ်ဖော်ပြောဆိုသည်။

ထင်ရှားသည့် စာရေးဆရာ သတင်းစာဆရာကြီးတဦးက “ ဒါဟာ ဆရာကြီး ဆက်လက် တိုက်ပွဲဝင်ရမယ့် အရာတွေထဲက တခုပဲ ..” ဟု မှတ်ချက်ပေးခဲ့သည်။

“ဆရာကြီးရဲ့ ရေဒီယို အင်တာဗျူးတွေကို နားထောင်ပြီး စိတ်ဓာတ်တက်ကြွနေတဲ့ ပြည်သူတွေကို စစ်အာဏာပိုင်များက မျက်လုံးဒေါက်ထောက်ကြည့်နေတော့တာပဲ။ နေရာတိုင်းမှာ သူတို့တွေချည်းပဲ။ မြို့တော်ခမ်းမရှေ့က ရဲသားတဦးနဲ့တဦး ပြောနေကြတဲ့ အထဲမှာဆိုရင် - ဟေ့ကောင် … မင်းစိတ်ထဲ မသင်္ကာရင် ဆွဲကွာ တဲ့။”

ဟု သတင်းထောက်တယောက်က ပြောပြသည်။

“ကျနော် စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ ကြောက်တာမျိုးမဟုတ်ဘူးနော်။ တရားမဲ့နေတာ၊ တရားလက်လွတ်ဖြစ်နေတာကို တွေးမိလိုက်လို့။ ဆရာကြီး ပြန်လွတ်လာတော့ လူတွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတယ်။ အားလုံးက နိုးကြားသွားကြတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်ကို တိုင်းပြည်က လိုနေတာပါ …” ဟု ထိုသတင်းထောက်က သူ့ခံစားချက်ကို ထုတ်ဖော်သည်။

ဆရာကြီး ဦးဝင်းတင် အင်န်အယ်ဒီပါတီ အနှစ် ၂၀ နေ့ကို သွားရောက်ခဲ့သည့်အတွက် ပါတီတွင်း လူငယ်များ၊ ခေါင်းဆောင်များအားလုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

တစည ပါတီက သက်ကြီးရွယ်အိုတဦးကမူ “ ဘာ ၀င်းတင်လဲ။ အလကား တယူသန်သမား …” ဟု တုန့်ပြန်သည်ကို ကြားကြောင်း မျက်မြင်တဦးက သတင်းပေးသည်။

အနှစ်၂၀ နီးပါး လူထုရှေ့မှောက်က ပျောက်ကွယ်နေပြီး အချုပ်အနှောင်တွင်း ကြံ့ကြံ့ခံနေခဲ့သော ဆရာဦးဝင်းတင်ကို လူထုကြီးက မေ့မသွားဘဲ ထောက်ခံ ကြိုဆို မျှော်လင့်လျက် ရှိသည်ကတော့ အထင်အရှားပင် ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်ကို တွေ့ရသည်။

“ဆရာကြီး ထောင်ကထွက်တော့ - ဟေ့ ငါတော့ အပြင်ထွက်လိုက်အုံးမယ်ဟေ့ ဆိုပြီး လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ပြီး ထွက်သွားတာဗျ။ ကျနော်တို့တတွေက ထောင်ထဲမှာ ကျန်ရစ်နေသေးပေမယ့် တိုင်းပြည်အတွက်၊ အပြင်က ပြည်သူတွေအတွက် ကျနော်တို့က မျှော်လင့်တယ်။ ၀မ်းသာတယ်။ အားရှိတယ်။ ဆရာကြီးကို ထောင်ထဲက ကျနော်တို့တွေတင်သာမကပါဘူး ဆရာကြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ တိရစ္ဆာန်တွေကတောင် သတိရပြီး ကျန်ရစ်ခဲ့ကြတာပါဗျာ …” ဟု နိုင်ငံရေးအကျဉ်းသားတဦးက သတင်းစကားပါးလိုက်သည်။






ထောင်ဗူးပေါက်က မကြောက်တရား

(ဦးဝင်းတင်သို့)

မောင်စွမ်းရည်

စက်တင်ဘာ ၂၈၊ ၂၀၀၈



ထောင်ဗူးအဝင် ‘ဘူး’ခံဝင်

ထောင်ဗူးကထွက် ‘ဘူး’ခံထွက်

လက်လည်းမမြှောက် ဒူးမထောက်

သေရမှာကို သူမကြောက်

ချော့တာ မြှောက်တာ သူမမြောက်

လွတ်လပ်ခြင်းနဲ့မျှတခြင်း ငြိမ်းချမ်းခြင်းသို့ သူလမ်းဖောက်

ညီညွတ်ရေးကို သူတည်ဆောက်

‘စု’က လမ်းခင်း၊ ‘ဝင်း’က လမ်းပြ ညီညွတ်ကြ မုချပန်းတိုင်ရောက်။ ။

မောင်စွမ်းရည်

စက်တင်ဘာ ၂၃၊ ၂ဝဝ၈



သူလိုလူ Print E-mail
ဟံသာဝတီဦးဝင်းတင်
Sunday, 28 September 2008

(photo:AFP)

သူလိုလူ

(ဦးဝင်းတင်သို့)

မောင်စွမ်းရည်

စက်တင်ဘာ ၂၈၊ ၂၀၀၈



သူနဲ့သူသာ

နှိုင်းစရာမို့

သူသာ စံထူ

သူ့လိုလူကို

လူတိုင်းကြည်ညို

ဆုတောင်းဆိုအံ့

သူလိုလူတွေ များစေသော ...

သူလိုစိတ်ထား ပွားစေသော ...

သူ့သက် ရာကျော် ရှည်စေသော ... ။ ။



မောင်စွမ်းရည်

စက်တင်ဘာ ၂၃၊ ၂ဝဝ၈




ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင်
အဖွဲ့ချုပ် နှစ် ၂ဝ ပြည့် အခမ်းအနားတက်ရောက်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၇၊ ၂ဝဝ၈

ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည့် နှစ် ၂ဝ ပြည့်နေ့ အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် ခေါင်းဆောင်များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူများနှင့် အတူတွေ့ရပုံ။
ရှေ့တန်း - ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးအောင်ရွှေ၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးလှဖေ
နောက်တန်း - ပူကျင့်ရှင်းထန်၊ ဦးသန်းဖေ၊ ဦးအေးသာအောင်၊ ဒေါက်တာသန်းငြိမ်း၊ နိုင်ငွေသိန်း (photo:AP, Reuters)



ဆရာဦးဝင်တင် လက်ဆင့်ကမ်းလိုက်တဲ့ စာနယ်ဇင်း သပိတ်အလံ သိုႚ

ဆရာဦးဝင်တင် လက်ဆင့်ကမ်းလိုက်တဲ့
စာနယ်ဇင်း သပိတ်အလံ သိုႚ
မောင်ရစ်
အောက်တိုဘာ ၁၊ ၂၀၀၇

၁၉၈၈ုသဂုတ်လ အရေးအခင်းမတိုင်မီမြာ ဆရာဦးဝင်းတင်နဲႚ စာနယ်ဇင်းသမာုးကီးတေကြူမန်မိာိုံင်ငံရေး အကဵပ်အတည်းကို လက်မတ်ြဝိုင်းထိုးပီး တင်ူပဖိုႚုကြိးစားခဲု့ကပၝတယ်။ စာနယ်ဇင်းဆရာတြေ စုစည်းလိုက်တဲ့အခၝ အားလုံးက တညီတညတ်ြတည်း လက်မတ်ြထိုးခဲု့ကပၝတယ်။

မောင်ရစ် က ကောလိပ်ကေဵာင်းသား၊ ကာတနြ်းဆရာ ပေၝက်စ ပၝ။ လူုကီးတေဝြိုင်းနားမြာ ရစ်သီ ရစ်သီနဲႚ ဘာ ၀င်လုပ်ရ ကောငိးိုံိးိုံးနဲႚပေ့ၝ။ နောက်တော့ မရဲတရဲနဲႚ မေုးကည့်မိတယ်၊ ကဵနော်ကော လက်မတ်ြထိုးလိုႚရသလားပေၝ့။ ဆရာုကီးတေကြ သူတိုႚမသိတဲ့ ကလောင်လေးကို - "ဟာ … ရတာပေ့ၝ၊ လာ … လက်မတ်ြထိုး" တဲ့။ မောင်ရစ်ေုကာက်ေုကာက်နဲႚ လက်မတ်ြထိုးခဲ့မိတယ်။ နောင်ကဵတော့ ရန်ကုန်ဆေးရုံကီး နံရံမြာ ကပ်ထားတဲ့ မဆလစနစ်ကို ဆန်ႚကဵင်ခဲ့တဲ့ ကလောင်ရင်ြတြေ စာရင်းထဲက မောင်ရစ် နာမည်လေးကို ဂုဏ်တြေ ယူပီး မိုးရေတြေုကားထဲ သြားသြား ရြာုကည့်ခဲ့မိတယ်။ အိပ်မက်တြေ အထိပၝပဲ။

၁၉၈၈ုသဂုတ်လ မိုးရေစက်တေထြဲမြာ သူငယ်ခဵင်းကေဵာင်းသားတေနြဲႚ ခဵီတက္ဆႎၬဴပဖိုႚ မောင်ရစ် သြားတော့မယ့် အခဵိန်ကို သတိရမိုပန်တယ်။ ကဵေနာ့္အဖၾားက (ခင္မဵႂိးခဵစ္ ဆိုတဲ့ ကဵန္းမာေရးဆိုးဆိုးနဲႚ ခဵိခဵိနဲႚနဲႚ စာေရးဆရာမ အဖၾားဳကီး က) ကဵေနာ့္ကို လမြိးံတ်ြဆက်တယ်။ "အေး … အေး၊ သြား … သြား " တဲ့။ "ငၝတိုႚတုန်းကလည်း လုပ်ခဲူ့ပီူးပီ၊ေုကာက်ေုကာက် နဲႚပဲ" … တဲ့။ "အခု မင်းတိုႚ အလညြ့် ရောက်လာူပီ၊ သြား … သြား" … တဲ့။ ကဵနော်လည်းေုကာက် ေဳကာက္နဲႚ သၾားခဲ့ ရတာပၝပဲ။ အဲဒီထဲက ကဵေနာ္တိုႚ သၾားခဲ့ရတာ - မိုင် ထောင်သောင်းခဵီခဲ့။ အိမ်တေနြဲႚ ဝေးခဲ့ပေ့ၝ။

ဒၝပေမယ့် အဲဒီထဲက ကိုင်စြဲခဲ့တဲ့ ကလောင်ကလေးဟာ ဦးဝင်းတင်တိုႚ စာနယ်ဇင်းသပိတ်လက်မတ်ြစာရင်းမြာ တိုႚ ထားခဲူ့ပီးတဲ့နောက် သူတိုႚကို သင်္စာဖောက်တဲ့ ကလောင်ဆိုး ကလောင်ပဵက် မဴဖစ္ခဲ့ပၝဘူး။ အမဵႂးိ ဘာသာ သာသနာ လတ်ြလပ်ခငြ့်အတကြ် ရပ်တည်ရဲခဲ့ ရပၝတယ်။ အဲဒီတုန်းကတည်းက ၈၈ မိုးရေစက်တေထြဲေုကာက်ေုကာက်နဲႚ လ္တွောက်နေဆဲေူခလမြ်းတေကြ သင်ုကားပေးခဲ့တာက လူဆိုတာ တခၝပဲ သေတယ်တဲ့။ မောင်ရစ် ခဏ ခဏ မသေတတ်ပၝ၊

အခုလည်း ကဵေနာ္တိုႚ အႎႀစ္ ၂၀ နီးပၝးဳကာတဲ့အခၝ အမဵႃိး ဘာသာ သာသနာကို ဖဵက်ဆီးနေတဲ့သူတေကြိုပတ်ူပတ်သားသား ဆန်ႚကဵင် သပိတ်မြောက်ုကဖိုႚ အခငြ့်ုကြုံကရူပန်ပၝူပီ။ မောင်ရစ်တိုႚ တတေကြို ဆရာဦးဝင်းတင်က သံတိုင်တြေုကာူးပြံုးကည့်နေပၝလိမ့်မယ်။ သာသနာ့အလံ နဲႚ ခၾပ္ေဒၝင္းအလံ တိုႚ အဴမင့္မားဆုံးလၿင့္ထူဳကတဲ့အခၝ ရေဒြေၝင်းတောင် ကလောင်အလံတေလြည်း သူတိုႚနဲႚအတူတၾဲ လိုႚ လက္ဆင့္ကမ္း ခဵီတက္ဳကပၝစိုႚ။

ကဗဵာဆရာ အောင်ဝေး လိုခဵင္တာ ၃ ခုပၝ၊ူငိမ်းခဵမ်းရေး၊ မေတ္ဇာ နဲႚ စားစရာ။ ကဵေနာ္တိုႚလည္း ခင္ဗဵားတိုႚလိုခဵင္တာကိုပဲ ဆက်တောင်းဆိုပၝတယ်။
လေးစားစြာူဖင့်
မောင်ရစ်
(အောက်တိုဘာ ၁၊ ၂၀၀၇)




Thursday, 05 July 2007

No comments:

Post a Comment