Wednesday, August 27, 2008
အငွေ့ပျံနေ့ရက်များ (ကဗျာ)
အငွေ့ပျံနေ့ရက်များ
မောင်ချောနွယ်
အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။
ချစ်လှစွာသော လောကဓံတရားရေ …
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုဘဲ ချစ်နေရပါတယ်။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်။
ဆူးရှိ
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံ ပန်းပွင့်ထဲမှာ ရှိနေလေရဲ့။ ။
မောင်ချောနွယ်
ခေါက်ရှာငှက်ကလေးများ
မောင်ချောနွယ်
သီချင်းဟောင်းတွေကြောင့် ကမ္ဘာဟောင်းခဲ့ရတယ်
မနေ့ကလည်း ဒါပဲ
ဒီကနေ့လည်း ဒါပဲ
ဒါပဲ
ဟောင်းပြီးရင်း ဟောင်းနေတော့တယ်
အကာအကွယ်မရှိဘဲ ဟင်းလင်း
အတင်းအကျပ် စီးနင်းခံရ
လောကကြီးကို လေ့လာကြည့်တော့
ဘာမှန်းမသိတော့ဘူး
ဘ၀ကို တစ်စစီ လိုက်လိုက်စမ်းရ
ဒီလောက်တောင် ရှူံးရပြီလား
ပေါက်ကွဲချင်တယ်
မျိုသိပ်ပေးလိုက်ရ
အနာဆုံး ဒဏ်ရာပါပဲ
စိတ်နှလုံး ခြောက်ခြားဖွယ်ရာပါလား
ဝန်စည်စလယ်တွေ လေးလေးလံလံ ထမ်းပိုးခဲ့ရ
ဘာတွေမှန်းမသိ
လိုအပ်တာထက် ပိုမိုလှပသာယာလာ
ဒီဘ၀မှာ
ငါပေါင်းရတဲ့ အရာတွေမှန်သမျှ မကောင်း
ငါမပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့
ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးခဲ့
နေ့ရက်တိုင်း ညှိုးငယ်ခဲ့ရတယ်
သုညမှ ဘာမှမရှိ
စပါးပိုး ကောက်ပိုး အသီးအနှံပိုးတွေ
ဖောက်ချည်ရက်ခဲ့
လေချိုလေအေးတွေ အရှိန်အဟုန်ပြင်းပြင်း
ငါ့ခရီးစဉ်မှာ
ဉာဏ်ကြောင့် ဒုက္ခရောက်ရသည်တဲ့။ ။
မောင်ချောနွယ်
Sunday, August 24, 2008
ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး၊ ငါတို့တွေက ကြွေအံကစားခဲ့တယ်
ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး
ငါတို့တွေက ကြွေအံကစားခဲ့တယ်
မောင်ချောနွယ်
ကစားဝိုင်းမှာ ထိုးချလိုက်တဲ့ လောင်းကြေးက
ဘ၀ရယ်ပါ …။
လောင်းကစားဝိုင်းဆိုတာ
စိတ်ကူးမှန်မှန်နဲ့ ဉာဏ်ကစားဖို့ပါပဲ
ကံတရားကတော့ သူ့ဘာသာသူ
စီးဆင်းနေပေလိမ့်
ကံနဲ့ ဉာဏ်ထပ်မိရင် ငါတို့ဘ၀တွေ
လတ်ဆတ်ပေလိမ့်
ငါတို့တတွေ ကံကို ကြွေအံကစားခဲ့ကြတယ်။
ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွက်တွေဟာ
စံကွက်အမှန်တွေပါ။
ပေါ့ပေါ့သွမ်းသွမ်းအမှုတွေလည်း
မပြုခဲ့ကြပါဘူး။
ငါတို့တွေက စိတ်မသန့်လို့ မထိုးခဲ့တာတွေဟာ
ငါတို့ရဲ့ အနိုင်ကြွေးတွေပါ။
ဇာတ် …
အဲဒီက စခဲ့ကြတာပေါ့
အဲဒီကနေ မိုးကျော်သူဟာ
ဟိုတယ်ကာလီဖိုးနီးယားကို ထွက်သွားနိုင်တာတစ်ခုပဲ
ခုတော့ ငါတို့အံဆွဲထဲမှာ
ဘာမှမရှိတော့ဘူး။ ။
မောင်ချောနွယ်
Friday, August 22, 2008
မစဉ်းစားခြင်းသေတ္တာ (ကဗျာ)
ကမ္ဘာပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးသင်းတစ်သင်းစာလောက်မှ
ရှိရဲ့လား
မစဉ်းစားတော့ပါဘူး … တဲ့။
ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဉ်းစားတော့ပါဘူး … တဲ့။
သီချင်းတစ်ပုဒ်ကို နားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ
မစဉ်းစားတော့ပါဘူး … တဲ့။
တစ်ကိုယ်လုံး တစ်ဘ၀လုံး စုပ်ယူ
ကိုယ့်ကို မသေရုံ မွေးမြူထားတဲ့လူတွေ
ရှိနေပြီ
မစဉ်းစားတော့ပါဘူး … တဲ့။
မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး … တဲ့။
ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး … တဲ့။
လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတတ်ကြဘူး
မစဉ်းစားတော့ပါဘူး … တဲ့။
မစဉ်းစားခြင်းသေတ္တာတစ်လုံး ရှိခဲ့တယ်
ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်
မစဉ်းစားခြင်းသေတ္တာဟာ
လေချွန်ပြီးနေလေရဲ့။ ။
မောင်ချောနွယ်
Wednesday, August 20, 2008
လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ (ကဗျာ)
လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ
မောင်ချောနွယ်
လာပြီဟေ့
ငါ လာပြီဟေ့
ကမ္ဘာမြေကြီး
သီးစေ … ပွင့်စေ။
(၁)
အချစ်ရေ
မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ်
သဘာဝတရားကလည်း
ကျောက်သားဖွဲ့စည်းလို့
သိပ်သည်းလှချည်ရဲ့။
လောကကြီးကလဲ
အရောအနှောတွေနဲ့ ကျောချလို့
အချစ်ရေ
မြစ်တွေကလည်း စီးဆင်းလွန်းလှ
တောတောင်တွေက အရှိန်မြင့်လွန်းလှချည်ရဲ့
ပယောဂတွေကလည်း
လောကကြီးထက် ကြီးမားကျယ်ပြန့်လှ
လူသားအပေါင်းကလည်း
အပူအားကောင်းလှချည်ရဲ့။
အမှိုက်တွေကလည်း
အသိုက်ဖွဲ့နေထိုင်လို့
ကျောရိုးမဲ့သတ္တ၀ါတွေကလည်း
အသံခက်မာလွန်းလှရဲ့
သင်္ခါရတရားကလည်း
အသံထက်မြန်စွာ ၀ဲပျံလို့
ငွေကြေးကလည်း
သွေးကို အလေးခိုးလှချည်ရဲ့
အသက်ဓာတ်ကလည်း
တပ်မက်စရာ ကောင်းလှချည်ရဲ့
ဓာတ်ကြီးလေးပါးကလည်း
သွေးသားသောင်းကျန်းလှချည်ရဲ့
တဏှာကလည်း
အညှာဖြစ်လို့
ရောဂါပိုးမွှားတွေကလည်း
ခွန်အားကြီးမားလှပါရဲ့။
ဘ၀ကလည်း
အရသာကြွယ်ဝလွန်းလှပါတယ်။
ပလုတ်တုတ်လေးကလည်း
စိတ်လှုပ်ရှားစေရဲ့။
(၂)
အချစ်ရေ
ကမ္ဘာကြီးကို ဆည်းပူးကြစို့ရဲ့
လေးသည်တော် ၀ီလျံတဲ(လ်)ရဲ့ မြားချက်များ
မလွဲခဲ့ပါ။
မောင်ချောနွယ်
အပြည့်အစုံသို့...
ပြန်ခေါက်ထားပါ...
Posted by ဒေါက်တာလွဏ်းဆွေ at 1:23 PM 0 comments
Labels: မောင်ချောနွယ်ကဗျာ
Tuesday, August 19, 2008
ဝတ်မှုန်ကူးကြ (ကဗျာ)
ဝတ်မှုန်ကူးကြ
မောင်ချောနွယ်
ဝမ်းနည်းမှုနဲ့သာ
ကျန်းမာခဲ့ရ
ဆင်ခြင်တုံမှု မိုက်ခရိုစကုပ်ထဲ
ဘ၀ဟာ စားသုံးပင်တစ်ပင်တဲ့
လောက်တဖွားဖွားနဲ့လေ။
ဘယ်မှာလဲ
ရွှေအသက်ရှူသံတွေ
တုံးလုံးပတ်ခေါက်လဲကျ
စကြ၀ဠာ လေးလံပိကျလာ
‘အက်စ်ကလေတာ’တွေမှာ
အစာအိမ်မရှိ
ငါတို့တွေမှာ ရှိခဲ့တယ်။
ကမ္ဘာမြေ ဟက်တက်ပွင့်
ကပ်သုံးပါး စတိုင်ပင်ရခဲ့
အသားတွေ
အဖတ်လိုက် အဖတ်လိုက် ကွာကျ
ငါးသည်မ ဗန်းထဲက ငါးပြေမတွေလို
ကြယ်တံခွန်တွေ
တဖျပ်ဖျပ်ထခုန်
နာဗ်ကြောနဲ့ သွေးသားတွေ
ဘယ်ကွန်ပျူတာမှာရှိခဲ့သလဲ
ငါတို့တွေမှာ ရှိခဲ့တယ်။
ဝတ်မှုန်ကူးကြ
အထူးဝတ်မှုန်ကူးကြ
အဲဒီပျစ်ပျစ်နှစ်နှစ်ညတွေနဲ့။
ဝတ်မှုန်ကူးကြ
အဲဒီအရှင်လတ်လတ်ကြီးနဲ့။
အထူးဝတ်မှုန်ကူးကြ
အဲဒီကောင်းကင်လှတဲ့နေ့တွေနဲ့။
ဝတ်မှုန်ကူးကြ
အဲဒီသွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့။
ဝတ်မှုန်ကူးကြ
အထူးဝတ်မှုန်ကူးကြ
လာခဲ့ပြီ
ကဖို့
မြို့ရွာတို့ ကဖို့လာခဲ့ကြပြီ။ ။
မောင်ချောနွယ်
Subscribe to:
Post Comments (Atom)
good
ReplyDeleteTHANKS!
ReplyDeleteThanks!
ReplyDelete